ရေဝိုင်းရွာတွင် နေအိမ်နှစ်လုံး မီးရှို့ခံရ၊ ခေါင်တိုင်ပြင်ရွာတွင် ဘုန်းကြီးကျောင်းမီးလောင်

0
455

စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ရေဝိုင်းရွာတွင် နေအိမ်နှစ်လုံး မီးရှို့ခံရပြီး ခေါင်တိုင်ပြင်ရွာတွင် ဘုန်းကြီးကျောင်းဆောင် တစ်ဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။

မေလ ၂၈ ရက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဝိုင်းရွာထဲသို့ ရောက်ရှိလာပြီး နေအိမ်အချို့ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

မီးရှို့ခံရသည့် အကြောင်းအရင်းကို သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။

ရေဝိုင်းရွာတွင် နေအိမ်မီးရှို့ခံနေရကြောင်း Dawei Watch အနေဖြင့် မေလ ၂၈ ရက်ကတည်းက ကြားသိရသော်လည်း ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ဖုန်းဆက်သွယ်မရခဲ့ပေ။

ရေဝိုင်းရွာသို့ ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် နေ့လယ်ပိုင်းတွင် ကပ်လျက်ရှိသည့် ခေါင်တိုင်ပြင်ရွာဖက်သို့ ထွက်ခွာသွားသည်ဟု ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ်သားများ ခေါင်တိုင်ပြင်ရွာထဲရောက်နေချိန်တွင် ခေါင်တိုင်ပြင်ရွာဘုန်းကြီးကျောင်း (တံခွန်တိုင်ပြင်ဘုန်ကြီးကျောင်း) ဆောင်တစ်ဆောင် မီးလောင်ကျွမ်းကြောင်း ဒေသခံအချို့က ပြောသည်။

ဘုန်းကြီးကျောင်းဆောင်တွင် ရေခဲ‌သေတ္တာအသုံးပြုသည့် မီးပလပ်ပေါက် အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ဆိုသည်။

မီးလောင်ကျွမ်းချိန်တွင် ဆရာတော်နှင့် အခြားသံဃာတော်များမှာ မောင်မယ်ရှောင်ရွာသို့ အသုဘရှူကြွနေသဖြင့် ကိုရင်ငယ်နှစ်ပါးနှင့် သီလရှင်တစ်ပါးသာ ကျန်ခဲ့သည်ဟု ဆိုသည်။

ရွာထဲသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေချိန်ဖြစ်သောကြောင့် ‌ ဒေသခံများမှာ ထွက်ပြေး‌တိမ်းရှောင်နေကြရသည်။

ယင်းအတွက်ကြောင့် ကျောင်းဆောင်မီးလောင်ကျွမ်းနေချိန် မီးငြှိမ်းမည့်သူ မရှိခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

“မီးလောင်လို့ မိရှင် (သီလရှင်ဆရာလေး) တစ်ပါး ရွာထဲမှာ လူဆင်းခေါ်တာ တစ်ယောက်မှ မရှိကြဘူးတဲ့။ ရွာထဲကလူတွေက ပြေးနေရတာကိုး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားပြီး ကျောင်းအောက်တွင် ရပ်ထားသည့် ဆိုင်ကယ် နှစ်စီးပါ မီးထဲပါသွားခဲ့ကြောင်း ဆရာတော်ထံမှ သိရသည်။

“ကျောင်းဆောင်က ပြန်ဆောက်မှာပါ။ တကာတွေနဲ့တော့ မတိုင်ပင်ရသေးဘူး ။ တကာတွေ (ရွာသား) က စစ်ကြောင်းဝင်ထားလို့ အခုမှ နည်းနည်းချင်း ပြန်လာနေကြတယ်” ဟု ဆရာတော်ဦးသုဘောဂက မိန့်ကြားသည်။

မီးလောင်ပျက်စီးသွားသည့် အဆိုပါကျောင်းဆောင်မှာ နှစ် ၂၀ ကျော် သက်တမ်းရှိသည့် ပင်မသစ်သားကျောင်းဆောင်ဖြစ်သည်။

ရေဝိုင်းနှင့် ခေါင်တိုင်ပြင်ကျေးရွာအနီးတွင် မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ဒေသခံများလည်း မကြာခဏ စစ်ဘေးရှောင်နေကြရလေ့ရှိသည်။