ကလိန်အောင်၊ ကျောက်ရှပ်ရွာအနီးက စစ်ကောင်စီတပ်ရင်း ပစ်ခတ်တိုက်ခိုက်ခံရ

0
2820

ရေဖြူမြို့နယ် ကျောက်ရှပ်ရွာအနီးတွင် ယနေ့(မေ ၂၉)မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ကျောက်ရှပ်ရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လာရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲမှာ တစ်နာရီနီးပါးကြာမြင့်ခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“မနက် ၅ နာရီလောက်ကနေ ၆ နာရီလောက်အထိ လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ကျောက်ရှပ်ရွာသည် ကလိန်အောင်မြို့အနီး ရေး-ထားဝယ်ကားလမ်းမပေါ်တွင် တည်ရှိပြီး စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၄၀၈၊ ၄၀၉၊ ၄၁၀ တို့ အခြေစိုက်သည်။

ယင်းတပ်ရင်းများအနက် မည်သည့်တပ်ရင်းကို လာရောက်တိုက်ခိုက်သည်ကိုမူ အတည်မပြုနိုင်သဖြင့် ဆက်လက်မေးမြန်း စုံစမ်းနေဆဲသာရှိသေးသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်မူ မောရဝတီရေတပ်မှ စစ်ကားတစ်စီးနှင့် ကျည်းတပ်မှစစ်ကားတစ်စီး ကလိန်အောင်မြို့ပေါ်တွင် ကင်းလှည့်နေကြောင်း မြိုခံအချိူ့ကပြောသည်။

ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်းအသုံးပြုသည့် ယာဥ်များမှာလည်း တိုက်ပွဲကြောင့် ရှေ့ဆက်မရဘဲ လမ်းခတ္တပိတ်သွားခဲ့ပြီး မနက် ၉ နာရီလောက်မှ စတင်ဖြတ်သန်းသွားလာ အသုံးပြုကြရကြောင်း ယာဉ်မောင်းများကဆိုသည်။

“မနက်က လိုင်းကား(ခရီးသည်တင်ယာဥ်) တွေ ပြန်လှည့်လာတယ်။ ၉ နာရီထိုးလောက်မှ ပြန်သွားရတယ် “ ဟု ကံပေါက်ဒေသခံ ယာဥ်မောင်းတစ်ဦးက ဆိုသည်။

ကံပေါက် – ကလိန်အောင်လမ်းပိုင်းတွင်လည်း မောရဝတီရေတပ်က နေရာ ၃ ခုတွင် ကားများကို တင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့ကြောင်း ကားသမားအချို့ကပြောသည်။

မေလ ၂၀ ရက်က စစ်‌ကောင်စီသတင်းပေးဟု အမည်ထွက်နေသူ ကျောက်ရှပ်ရွာသား ၂ ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးစစ်ဆေးပြီးနောက် မေလ ၂၁ ရက်နှင့် ၂၂ ရက်များတွင် စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးခြောက်လှန့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့ကပြောဆိုသည်။