ကန်ချနဘူရီတွင် အရှိန်ဖြင့်မောင်းပြေးသည့်ကားပေါ်က မြန်မာလုပ်သား ၁၇ ဦး ဖမ်းဆီးခံရ

0
2061

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းမပေါ်တွင် အရှိန်ဖြင့်မောင်းပြေးသွားသော ကားပေါ်က တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦးကို မေလ ၂၈ ရက်တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထို့ဖာ့ဖမ်း-စိုင်ယွတ် အမြန်လမ်းမပေါ်တွင် SUV အိမ်စီးကားတစ်စီးသည် အစစ်ဆေးမခံဘဲ အရှိန်ဖြင့် မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က ၁၀ ကီလိုမီတာခန့်အကွာအထိ လိုက်လံဖမ်းဆီးခဲ့ကြောင်း ရေးသားထားသည်။

ကားတစ်စီးလုံး၏ မှန်များကို အပြင်က မမြင်နိုင်စေရန် အနက်ရောင်အပြားဖြင့် ကာထားပြီး ကားထဲတွင် မြန်မာအလုပ်သမား ၁၇ ဦးနှင့် ကျောပိုးအိတ်များကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။

ထိုင်းနိုင်ငံသား ကားမောင်းသမားကိုပါ ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် ဘတ်ငွေသုံးထောင် ရယူကာ မြန်မာအလုပ်သမားများကို ထို့ဖာ့ဖမ်းဒေသမှတစ်ဆင့် ကန်ချနဘူရီမြို့ထဲသို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ကားသမားက ထွက်ဆိုကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားတစ်ဦးကို မေးမြန်းရာတွင် ၎င်းသည် စူဖန်းဘူရီဒေသတွင် နှစ် ၂၀ ကြာ အလုပ်လုပ်ကိုင်ဖူးသူ ဖြစ်ပြီး သားဖြစ်သူကို အိမ်သို့ပြန်ပို့ပြီးနောက် အလုပ်လုပ်ကိုင်ရန် ထိုင်းသို့ ပြန်ဝင်လာခဲ့ခြင်းဖြစ်သည်ဟု ဖြေကြား ကြောင်း သတင်းတွင်ဖော်ပြသည်။

ယခု ပထမဆုံးအကြိမ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းသည် ခရီးစဉ်အတွက် ဘတ် ၆၀၀၀ ပေးချေထားပြီးသားဖြစ်ကြောင်း ၎င်း၏ ဖြေကြားချက်ကို ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် ပဲခူး၊ မော်လမြိုင်၊ ရခိုင်ဒေသမှဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် စန်ခရာဘူရီကို တောလမ်းအတိုင်း တရားမဝင် ဝင်ရောက်လာခဲ့ကာ ဘန်ကောင်နှင့် စမွတ်စခွန်ခရိုင်အနီးတစ်ဝိုက်တွင် အလုပ်လုပ်ကိုင်ရန် လာကြခြင်းကြောင်း ဆိုသည်။

ယခုခရီးစဉ်အတွက် သတ်မှတ်ငွေကြေးအချို့ကို ပေးချေထားကြပြီးဖြစ်ပြီး ခရီးပြီးဆုံးပါက နောက်ထပ် ဘတ် ၁၅၀၀၀ ထပ်မံပေးချေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများကို ကိုဗစ်ရောဂါစစ်ဆေးခဲ့ပြီး တစ်ဦးတွေ့ရှိရသဖြင့် ၃ ရက်ကွာရင်တင်းဝင်စေကာ ကျန်သူများကို ဥပဒေအရအရေးယူရန် စိုင်ယွတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း‌ ရေးသားထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ဖမ်းဆီးခံရမှုဦးရေသည် မေလအတွင်း ၃၇၀ နီးပါး ရှိနေပြီဖြစ်ကြောင်း Dawei Watch က စုစည်းထားသည့် အချက်အလက်များမှုအရ သိရသည်။

Ref: CH 7 News HD, Kanchanaburi News