သထုံတွင် ကုန်ကားတစ်စီးမိုင်ဆွဲခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

0
2454

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာနှင့် ကရင်လေးဆိပ်ကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ၂၂ ဘီးတွဲ ကုန်တင်ကားတစ်စီး မိုင်ဆွဲခံရပြီး ၁ ဦးသေဆုံးကာ၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံများထံမှ သိရသည်။

မေလ ၂၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဘီးလင်းမြို့နယ်ဘက်မှ သထုံမြို့နယ်ဘက်သို့ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှ ယာဥ်မောင်း ဦးသန်းမင်းထိုက်၊ ကိုဟိန်းဇင်ဝင်းနှင့် မခင်ဇာလှိုင်တို့ စီးနင်းလိုက်ပါလာသည့် ကုန်တင်ကားသည် ကလိကျွန်းကျေးရွာနှင့် ကရင်လေးဆိပ်ကျေးရွာကြား အရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်သည်။

မိုင်းဆွဲခံရမှုကြောင့် ကိုဟိန်းဇင်ဝင်းသည် ပွဲချင်းပြီး သေဆုံးသွားပြီး ယာဥ်မောင်း ဦးသန်းမင်းထိုက်တွင် မိုင်းစထိမှန် ပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)နှင့် မခင်ဇာလှိုင်တွင် မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) တို့ ရရှိခဲ့ကြောင်း သိရသည်။

“ယာဥ်မောင်းကလည်း အခြေအနေမကောင်းဘူးလို့ ပြောတယ်။ ဒီတစ်ပတ်အတွင်းမှာ ကားမိုင်းဆွဲခံရတဲ့ ဖြစ်စဥ်က ၃ ကြိမ်ရှိသွားပြီ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် လုပ်ဆောင်သည်ကိုမူ မသိရှိရသေးပေ။

မေလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်ကလည်း ဘားအံမြို့မှ နေပြည်တော်သို့ မောင်းနှင်လာသည့် လမ်းခင်းကျောက်များ တင်ဆောင်ထားသည့် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မေလ ၂၁ ရက်နေ့ညကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခရီးသည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမတွင် ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များနှင့် လူမှုကယ်ဆယ်ရေးယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်လေ့ရှိပြီး လူသေဆုံးခြင်း ထိခိုက်ဒဏ်ရာရခြင်းများလည်း ရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမတွင် ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များနှင့် လူမှုကယ်ဆယ်ရေးယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် ၁၀ ကြိမ်ထက်မနည်း ရှိသည်ဟု ဒေသခံများထံမှ သိရသည်။