မြဝတီ-မဲဆောက်တံတားမှ ဖြတ်သန်းခွင့် မြန်မာဘက်က ယာယီပိတ်သဖြင့် အလုပ်သမားများအခက်တွေ့

0
1705

ထိုင်းနှင့် မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားပေါ်မှ မြန်မာအလုပ်သမားများ ဖြတ်သန်းသွားလာခွင့်ကို မြန်မာဘက်က ယနေ့ ဇွန်လ ၅ရက်တွင် ယာယီပိတ်သိမ်းထားကြောင်း အလုပ်သမားများနှင့် မြန်မာအလုပ်သမား သံအရာရှိတို့ထံမှ သိရသည်။

နိုင်ငံကူးလက်မှတ်စာအုပ် PV၊ PJ အမျိုးအစားများနှင့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများကို ယနေ့ မွန်းလွဲ ၁နာရီခန့်မှစ၍ ဖြတ်သန်းခွင့် မပေးခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

Work Permit၊ အလုပ်သမားကတ် OWIC စသော စာရွက်စာတမ်းအပြည့်အစုံရှိသော်လည်း တံတားဖြတ်သန်းခွင့် မပေးသဖြင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသွားရောက်မည့် မြန်မာအလုပ်သမားများ အခက်ခဲတွေ့နေကြကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

“ပတ်စ်ပို့ ဗီဇာတွေကို ပွဲစားက လိမ်ညာလို့ဆိုလားမသိဘူး။ အဲဒါ မြန်မာဘက်ရဲက စိတ်တိုပြီး နေ့လယ်လောက်က ခဏစပိတ်တယ်တဲ့။ (ထိုင်းဘက်သွားသူ) အတက်လူရော။ (မြန်မာနိုင်ငံပြန်လာသူ) အဆင်းလူရော။ ညအထိတော့ မဖွင့်ဘူး။ ခေတ္တယာယီလို့ ပြောတာပဲ။ ပြန်ဖွင့်မယ့်ရက်လည်း အတိကျမသိဘူး။ မနက်ဖြန်စောင့်ကြည့်ရမှာပဲ။ အခု မဲဆောက်မှာ ဧည့်စာရင်းတိုင်ဖို့လုပ်နေကြတယ်” ဟု မြန်မာအလုပ်သမားများကို ပို့ဆောင်ပေးနေသော မဲဆောက်ရှိ အကျိုးဆောင်ပွဲစားတစ်ဦးက ပြောဆိုသည်။

တံတားတွင် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ကိုင်ဆောင်ထားသူများကိုမူ သွားလာခွင့် ပြုထားခဲ့ပြီး ကားအသွားအလာကိုလည်း ပိတ်ထားခဲ့ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

နိုင်ငံကူးလက်မှတ်စာအုပ်နှင့် CI ကိုင်ဆောင်ထားသူများကို တံတားဖြတ်သန်းခွင့် ပိတ်ခြင်းသည် ထိုင်းအာဏာပိုင်များ ဘက်က ပိတ်ထားခြင်းမဟုတ်ဘဲ မြန်မာအာဏာပိုင်များဘက်က ပိတ်ထားခြင်းဖြစ်ကြောင်း မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

ပိတ်ရသည့်အကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း သံအရာရှိက ပြောသည်။

“လောလောဆယ် လုံးဝပိတ်တာမျိုးတော့ မဖြစ်နိုင်ဘူး။ ခဏယာယီပိတ်တာမျိုး အကြောင်းအရင်းတစ်ခုခုကြောင့် ပိတ်တာမျိုးပဲ ဖြစ်နိုင်တယ်။ ပိတ်ဖို့ ခွင့်ပြုထားတဲ့ စာတွေဘာတွေတော့ မရှိဘူး။ ထိုင်းဘက်မှာတော့ ပိတ်ထားတာ မရှိပါဘူး။ မြန်မာဘက်က အကြောင်းကိစ္စတစ်ခုကြောင့် ပိတ်တာပါ” ဟု ၎င်းက ပြောဆိုသည်။

ပြန်ဖွင့်ပေးမည့်အခြေအနေကို သိရှိနိုင်ရန် မြန်မာအာဏာပိုင်များနှင့် မေးမြန်းဆောင်ရွက်နေဆဲရှိသေးကြောင်း ၎င်းက ဆိုသည်။

မြန်မာအာဏာပိုင်များက ကြိုတင်ကြေညာထားခြင်းမရှိဘဲ အလုပ်သမားများအား တံတားပေါ်က ဖြတ်သန်းသွားခွင့် ပိတ်ခြင်းသည် နေရပ်ပြန်မည့်သူနှင့် ထိုင်းနိုင်ငံသို့ သွားမည့်သူများအားလုံးအတွက် အခက်အခဲများစွာ ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

ထို့ကြောင့် တံတားဖြတ်သန်းခွင့် အမြန်ဆုံးပြန်ခွင့်ပြုရန် လိုအပ်ကြောင်း ၎င်းတို့က ဆိုသည်။