‘ကိုယ်ပိုင်မီဒီယာ’ အကောင့်များ နှိမ်နင်းရေးအဖြစ် ဆိုရှယ်မီဒီယာပို့စ်ပေါင်း ၁ ဒသမ ၄ သန်းကို တရုတ် ဖျက်ချ

0
2125

လူမှုကွန်ရက်ပေါ် သတင်းမှားများ ၊ တရားမဝင် အကျိုးအမြတ် ရှာဖွေမှု ၊ အစိုးရအရာရှိ အသွင် ဟန်ဆောင်မှု အပြင် အခြားပြဿနာများနှင့် ပတ်သက်ပြီး နှစ်လကြာ စုံစမ်းစစ်ဆေးမှု အပြီးတွင် ကွန်ရက်အသီးသီးရှိ ပို့စ်ပေါင်း ၁ ဒသမ ၄ သန်းကို ဖျက်ပစ်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ လူမှုကွန်ရက် ဆိုင်ရာ မူဝါဒ ထိန်းချုပ်သည့် ဌာန တစ်ခု က ထုတ်ပြန်ကြေညာခဲ့သည်။

“ပြန်လည်ပြုပြင်တည့်မတ်ခြင်း” အစီအစဉ် ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်သည့် အနေနှင့် တရုတ်နိုင်ငံ ၊  ဆိုက်ဘာဝန်းကျင် ကြီးကြပ်ကွပ်ကဲရေးဌာန (Cyberspace Administration of China – CAC) သည် နိုင်ငံတွင်း အသုံးပြုခွင့် ရှိသည့် လူမှုကွန်ရက် အသီးသီးမှ အကောင့်ပေါင်း ၆၇,၀၀၀ ကို ပိတ်ချခဲ့ပြီး ယခုနှစ် ၊ မတ်လ ၁၀ ရက်နေ့ မှ မေလ ၂၂ ရက်နေ့အတွင်း တင်ထားသည့် ပို့စ်ထောင်ပေါင်းများစွာကို ဖျက်ချပစ်ခဲ့ကြောင်း မေလ ၂၇ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရေးသားဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် ၎င်း၏ လူမှုကွန်ရက်တခွင် ရှင်းလင်းရေး နှင့် အာဏာပိုင်များအတွက် ထိန်းချုပ်ရ ပိုမိုလွယ်ကူစေရေး အတွက် လူမှုမီဒီယာ အကောင့် ဘီလီယံပေါင်းများစွာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

နောက်ဆုံး လုပ်ဆောင်ခဲ့သည့် ဖြိုခွဲမှု အဖြစ် WeChat၊ Douyin နှင့် Weibo အပါအဝင် နာမည်ကြီး တရုတ် လူမှုကွန်ရက်ဆိုက်များအတွင်း “ကိုယ်ပိုင် မီဒီယာ” ဟူသော အမျိုးအစားအောက်တွင် အကျုံးဝင်သည့်  အကောင့်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

“ကိုယ်ပိုင်မီဒီယာ” ဟူသော အခေါ်အဝေါ်သည် သတင်းနှင့် အချက်အလက်များ တင်ဆက်သော အကောင့်များကို ကျယ်ကျယ်ပြန့်ပြန့် ရည်ညွှန်းသော်လည်း ယင်းအကောင့်များသည် အစိုးရပိုင် သို့မဟုတ် အစိုးရမှ ခွင့်ပြုထားခြင်း မျိုး မဟုတ်ပေ။

အထူးသဖြင့် ကွန်မြူနစ်ပါတီ၊ နိုင်ငံတော်အစိုးရ သို့မဟုတ် စစ်တပ်အတွက် အကဲဆတ်သော သို့မဟုတ် ဝေဖန်မှုဟု ယူဆသော သတင်းများ ထုတ်ဝေခြင်း သို့မဟုတ် မျှဝေခြင်းပြုသူများကို တရုတ်အစိုးရက ဖမ်းဆီးခြင်း အပြင် လူမှုကွန်ရက် အကောင့်များကို ပိတ်သိမ်းခြင်းတို့ကို မကြာခဏ လုပ်ဆောင်လေ့ ရှိသည်။

ဤသို့ အပြီးတိုင်ပိတ်သိမ်းခဲ့သည့် အကောင့်ပေါင်း ၆၇,၀၀၀ အနက် ၈,၀၀၀ နီးပါးသည် “သတင်းအတုများ၊ ကောလာဟလများနှင့် အန္တရာယ်ရှိသော အချက်အလက်များကို ဖြန့်ဝေခြင်း” ကြောင့် ဖယ်ရှားခံခဲ့ရသည်ဟု CAC က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အခြားသော အကောင့်ပေါင်း ၉၃၀,၀၀၀ ခန့်မှာမူ အကောင့်ရှိ follower အားလုံးကို ဖယ်ရှားခံရခြင်း မှသည် ယင်းအကောင့်မှတစ်ဆင့် အကျိုးအမြတ် ရှာဖွေနိုင်သည့် အခွင့်အလမ်းများကို ကန့်သတ်လိုက်ခြင်း အထိ ပါဝင်သော အနည်းငယ်မျှ လျှော့ပေါ့ပေးသော ပြစ်ဒဏ်များ ကို ဒဏ်တပ်ခံခဲ့ရသည်။

ယခု ဖြစ်စဉ်အပြင် အခြားသော လှုပ်ရှားမှု တစ်ခု အဖြစ် AI နည်းပညာအကူအညီဖြင့် အွန်လိုင်း ပေါ်တွင် သတင်းတုများ ဖန်တီးဖော်ပြမှု မြင့်တက်လာခြင်းကို တန်ပြန်နှိမ်နင်းနိုင်ရန် ရည်ရွယ်ကာ CAC သည် သတင်းတင်ဆက်သူများနှင့် သတင်းဌာနများ အသွင်ယူ ဟန်ဆောင်ထားသည်ဟု ယူဆသည့် အကောင့်ပေါင်း ၁သိန်းကျော် ကို မကြာသေးမီက ပိတ်သိမ်းခဲ့သည်။

ထို့အပြင် CAC သည် ၎င်း၏နောက်ဆုံးလှုပ်ရှားမှုတွင် “Chinese Red Army Command”၊ “Chinese Anti-terrorist Force” နှင့် “Strategic Missile Force” စသည့်အမည်များဖြင့် စစ်ဘက် နှင့် စပ်လျဉ်းသော အကောင့်အတုပေါင်း ၁၃,၀၀၀ နီးပါးကို ပစ်မှတ်ထား ၊ နှိမ်နင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အခြားသော အကောင့်ပေါင်း ၂၅,၀၀၀ ခန့်မှာလည်း  ရောဂါနှင့် ကာကွယ်ရေးထိန်းချုပ်ရေးစင်တာများကဲ့သို့ အများပြည်သူနှင့် ဆက်စပ်သည့် ဌာနများအဖြစ် အယောင်ဆောင်သည့်အတွက် ဖျက်ချခံခဲ့ရသည်။

ထို့နောက် သတင်း မီဒီယာလုပ်ငန်း အဖြစ် အယောင်ဆောင်ခြင်းအတွက် လူမှုကွန်ရက် အကောင့်ပေါင်း ၁၈၇,၀၀၀  နီးပါး ကို ဒဏ်ခတ်ခဲ့ပြီး အခြားသော အကောင့်ပေါင်း လေးသိန်းသုံးသောင်းကျော် ကိုလည်း သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည့် အရည်အချင်းများမရှိဘဲ ဆက်စပ်နယ်ပယ် ဆိုင်ရာ အကြံဉာဏ်များ သို့မဟုတ် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးဆောင်သည်ဟု စွဲချက်တင်ထားသည်။

ထပ်မံပြီး အခြားသော အကောင့်ပေါင်း ၄၅,၀၀၀ ခန့်ကိုလည်း “လူထုအကြား ဆူပူစေသော အကြောင်းအရာများကို ဖွမှု ၊ အခြားသော နာမည်ကြီးသူများနှင့် ရောယှက်ကာ လူသိများစေမှု နှင့် တရားမဝင် ဝင်ငွေရှာဖွေမှု” စသည့် အချက်များကြောင့် ပိတ်ချခဲ့သည်။ 

CAC သည် ၎င်းအနေနှင့် တရားမဝင်သော ‘ကိုယ်ပိုင်မီဒီယာ’ ကို ပြန်လည်ပြင်ဆင်တည့်မတ်နိုင်ဖို့ရာ ပြင်းပြင်းထန်ထန် နှိမ်နင်းနိုင်ရန် အတွက် “အများပြည်သူလုံခြုံရေး၊ စျေးကွက်ကြီးကြပ်ရေး အပြင် အခြားသော သက်ဆိုင်ရာ ဌာနများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

“တစ်ချိန်တည်းမှာ သန့်ရှင်းသော ဆိုင်ဘာဝန်းကျင်ကို ပူးပေါင်းထိန်းသိမ်းနိုင်ရေး အတွက် (တရားမ၀င်သော ကိုယ်ပိုင် မီဒီယာ’) တွေနဲ့ ပတ်သက်ပြီး သဲလွန်စ ပေးခြင်း ၊ စောင့်ကြည့်ခြင်းနဲ့ အစီရင်ခံတိုင်တန်းခြင်း တွေမှာလည်း (လူမှုကွန်ရက်) သုံးစွဲသူတွေ အများစု အနေနဲ့  တက်ကြွစွာပါဝင်ပေးဖို့  ကျွန်ုပ်တို့ အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ” ဟု CAC က ထပ်လောင်း ပြောကြားခဲ့သည်။

Reference

●       Reuters

●       The Straits Times