ထားဝယ်တွင် ကျောင်းအပ်သူများ၍ ပြင်ပဈေးကွက်တွင် ပုံနှိပ်စာအုပ်ဈေးနှစ်ဆတက်

0
1482

ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် ယခုပညာသင်နှစ်(၂၀၂၃-၂၀၂၄)တွင် ကျောင်းအပ်သူ များပြားလာသည့်အတွက်ကြောင့် ပြင်ပဈေးကွက်တွင် အတန်းစုံအခြေခံပညာ ပုံနှိပ်စာအုပ်များ ဈေးနှစ်ဆ တက်လာသည်ဟု ထားဝယ်မြို့ရှိ ကျောင်းသုံးစာအုပ် အရောင်းဆိုင်များထံမှသိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် KG မှ G 12 အထိ အခြေခံပညာ ပုံနှိပ်စာအုပ်များ၏တန်ဖိုးမှာ အတန်းပေါ်မူတည်ပြီး ကျပ်သုံးထောင်မှ ကျပ်တစ်သောင်းခွဲ နီးပါးအထိသာရှိရာမှ ယခုနှစ် ၂၀၂၃ -၂၀၂၄ ပညာသင်နှင့်တွင် ကျပ် ခုနှစ်ထောင်မှ ကျပ်သုံးသောင်းအထိ ရှိလာသည်ဟု ထားဝယ်မြို့ရှိ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင် ပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။

“ဈေးတက်တယ် ထက်ဝက်လောက်ကိုတက်တယ်။ ဒီနှစ်က ကျောင်းတက်တဲ့သူတွေ တော်တော်များတယ်”ဟု သူမကပြောသည်။

အခြေခံပညာကျောင်းများတွင် ပုံနှိပ်စာအုပ်များ အခမဲ့ပေးလေ့ ရှိသော်လည်း ထားဝယ်ဒေသတွင် ကျောင်းမဖွင့်မီကတည်းကပင် ကျောင်းသားအများစုက ပုံနှိပ်စာအုပ်များဝယ်ယူ၍ ပြင်ပ ဆရာများထံတွင် ကြိုတင်သင်ကြားလေ့ရှိသည်။

ယခုပညာသင်နှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ ကျောင်းတက်သူဦးရေ များပြားလာသည့်အတွက်ကြောင့် ဈေးတက်ခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းမှသိရသည်။

ယင်းအပြင် အသုံးများသည့် သင်ထောင်ကူများဖြစ်သည့် မီးနင်းစာအုပ်၊ ဗလာစာအုပ်များ၊ အခြားသင်ထောက်ကူပစ္စည်းများနှင့်အတန်းလိုက်ပုံနှိပ်စာအုပ်အချို့မှလည်း မှာလို့မရသည်အထိ ဖြစ်နေကြောင်း အထက်ပါအမျိုးသမီးကပြောသည်။

ကျောင်းသုံးပုံနှိပ်စာအုပ်မှာလည်း ပြီးခဲ့သည့်ပညာသင်နှစ် တစ်နှစ်လုံးတွင် အနည်းငယ်သာ ရောင်းချရသော်လည်း ယခုပညာသင်နှစ် အစတွင်ပင် အားလုံးနီးပါး ရောင်းချထားပြီးဖြစ်ကြောင်း အထက်ပါ ဈေးကွက်ထံမှသိရသည်။

“မနှစ်က စာအုပ်ခြောက်စုံ လောက်ပဲချုပ်ရတယ်။ အခုအစုံသုံးရာလောက်ရှိပြီ ချုပ်ပေးခဲ့ရတာ ကျောင်းသားသုံးရာစာလောက် အတွက်ပေါ့နော်” ဟုစာအုပ်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကပြောသည်။

၂၀၂၀ ခုနှစ်မှစပြီး ကိုဗစ်နှင့် အာဏာသိမ်းမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ မြိုနယ်အများစုမှာ အခြေခံပညာကျောင်းအချို့ မဖွင့်လှစ်နိုင်ခဲ့သည့်မှာ လေးနှစ်အထိရှိလာပြီဖြစ်သည်။

သို့သော် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်အတွင်းရှိ နယ်မြို့များမှ အခြေခံပညာ ကျောင်းသူ/ကျောင်းသားအများစုမှာ ထားဝယ်မြို့ပေါ်ရှိ ကျောင်းများတွင် စုပြုံ၍ ကျောင်းလာတက်သည့်အတွက် ဆရာ/ကျောင်းသား မမျှမတဖြစ်နေကြောင်း ပညာရေးအသိုင်းဝိုင်းနှင့် ကျောင်းသားမိဘများထံမှ သိရသည်။