စစ်တပ်အင်အားချထားသော်လည်း မဏိပူရတွင် လူမျိုးရေး အဓိကရုဏ်း ဆက်လက်ဖြစ်ပွားနေ

0
2444

လူမျိုးရေးဆိုင်ရာ အဓိကရုဏ်းများအပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် စစ်တပ်များ စေလွှတ်ကာ လုပ်ဆောင်နေသော်လည်း မဏိပူရပြည်နယ်တွင် အကြမ်းဖက်မှုအသစ်များ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

မေလ ၃ရက်နေ့တွင် လူမျိုးစုတစ်စု၏ ချီတက်ဆန္ဒပြမှုသည် အသွင်ပြောင်း၊ ပြင်းထန်လာပြီးနောက် အိန္ဒိယနိုင်ငံ၏ ဝေးလံခေါင်သီသော အရှေ့မြောက်ပိုင်းဒေသဖြစ်သည့် မဏိပူရပြည်နယ်သို့ စစ်သားထောင်ပေါင်းများစွာ စေလွှတ်ကာ ထိန်းသိမ်းခဲ့ရသည်။

ထို့နောက် မေလ ၅ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားပြီးနောက် ဒေသတွင်း အခြေအနေမှာ တင်းမာနေဆဲဖြစ်ကြောင်း ၊ အကြမ်းဖက်သူများကလည်း ရဲစခန်းမှ လက်နက်ခဲယမ်းများကို ခိုးယူသွားကြောင်း မဏိပူရ ပြည်နယ်၏ ထိပ်တန်းရဲအရာရှိတစ်ဦး က သတိပေးခဲ့သည်။

ဒေသခံ အာဏာပိုင်များသည် အဆိုပါ ဆူပူအုံကြွမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတွင် အင်တာနက် ဖြတ်တောက်မှု အပြင်  တပ်ဖွဲ့များအား “ပြင်းထန်သော အခြေအနေများ” တွင်း ပစ်ခတ်ဖမ်းဆီးရန် အမိန့် ထုတ်ပြန်ခဲ့သည်။

မဏိပူရ ပြည်နယ်၊ မြို့တော် အင်မ်ဖယ်လ် နှင့် တောင်ပိုင်း ချူရာကန်ပါ ခရိုင်တွင်း ဆေးရုံများ၏ ရင်ခွဲရုံများ၏ စာရင်းများအရ အခင်းဖြစ်ပွားမှုကြောင့် စုစုပေါင်းသေဆုံးသူ ၅၄ ဦးအထိ ရှိကြောင်း သိရသည်။

မဏိပူရအစိုးရ၏ လုံခြုံရေးအကြံပေး ကူဒိ(ပ်) ဆင်း က အင်မ်ဖယ်လ် တွင် ဂျာနယ်လစ်များအား တွေ့ဆုံခဲ့ရာ  “လတ်တလော သေဆုံးသူ ၁၈ ဦးမှ ၂၀ ဦးအထိ ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုများသည် လက်ရှိ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုကြောင့် သေဆုံးခြင်း သို့မဟုတ် အခြားဖြစ်ရပ်အချို့နှင့် ဆက်နွယ်မှု ရှိ၊ မရှိ စစ်ဆေးဆဲဖြစ်ကြောင်း” သိရသည်။

“ယခုဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ အယောက် (၁၀၀)ခန့် ရှိပြီး နီးစပ်ရာ ဆေးရုံ အသီးသီးမှာ ဆေးကုသမှု ခံယူနေရပါတယ်” ဟု ဆင်း က ပြောကြားသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဒေသတွင်း အိမ် ၅၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်အချို့လည်း မီးလောင်ခံခဲ့ရကြောင်း သိရသည်။

မဏိပူရ ရဲတပ်ဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ပီ ဒွန်းဂျယ်လ် က ယခု အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူ မည်သူကိုမဆို ပြင်းထန်စွာ အရေးယူရန် အမိန့်ပေးထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“အကြမ်းဖက်ခံရတဲ့နေရာဧရိယာတွေမှာ အလံကိုင်ချီတက်ပွဲတွေလုပ်ဖို့ စစ်တပ်ကို တောင်းဆိုထားပြီး ယခု အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူတွေကို တင်းတင်းကျပ်ကျပ် အရေးယူဖို့ ဒေသတွင်း တပ်ဖွဲ့တွေကို ညွှန်ကြားထားပါတယ်” ဟု ဒွန်းဂျယ်လ် က သတင်းထောက်များအား ပြောကြားခဲ့သည်။

အင်တာနက် ဖြတ်တောက်ထားမှု ကြောင့် မဏိပူရမြို့မှ သတင်းအချက်အလက် စီးဆင်းမှုကို အဟန့်အတား ဖြစ်စေပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု ဆိုင်ရာ နောက်ဆုံးရ အသေးစိတ် အချက်အလက်များမှာ နည်းပါးနေဆဲ ဖြစ်သည်။

အိမ်နီးချင်း နာဂလန်း ပြည်နယ်တွင် အခြေစိုက်သည့် တပ်ရင်းတစ်ခု ၏ ပြောကြားချက်အရ လူပေါင်း ၁၃,၀၀၀ သည် ယင်းအကြမ်းဖက်မှုမှ ရှောင်ရှားလာကာ ပြည်နယ်တွင်း ခိုလှုံရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၄ရက်နေ့တွင် ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအနက် အချို့မှာ အင်မ်ဖယ်လ်မြို့တွင်း မော်တော်ကားများနှင့် နေအိမ်များကို မီးရှို့ခဲ့ကြသည့်အတွက် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကာ ဆန္ဒပြသူများကို လူစုခွဲခဲ့ရသည်။

နေ့ရောညပါ အပြင်မထွက်ရ ဟူသည့် အမိန့်ကြောင့် မြို့အတွင်း လမ်းများပေါ်တွင် မီးလောင်နေသော မော်တော်ယာဥ်များသာ တွေ့နိုင်သည်။

လုံခြုံရေးအတွက် နောက်ထပ် တပ်ဖွဲ့ဝင်များကို ကုန်းလမ်းနှင့် လေကြောင်းဖြင့် ပြည်နယ်အတွင်းသို့ ပို့ဆောင်ခဲ့ကြောင်း ကာကွယ်ရေးအရာရှိများက မေလ ၅ရက်နေ့တွင် ပြောကြားခဲ့သည်။

ပြည်နယ်အတွင်းရှိ အကြီးဆုံးလူမျိုးစုဖြစ်သည့် မဲထေ (Meitei) လူမျိုးများသည် မျိုးနွယ်စု အဆင့် သတ်မှတ်ခံရရန် တုန်လှုပ်ခြောက်ခြားနေကြပြီး တချိန်တည်းမှာပဲ မဏိပူရအတွင်း  အခြားသော အသိအမှတ်ပြုမျိုးနွယ်စုများက ယင်းအခြေအနေကို ဆန့်ကျင်နေကြသည်။

အိန္ဒိယနိုင်ငံသည် သမိုင်းကြောင်းလာ ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကတိပြုသည့်ပုံစံအဖြစ် ဒေသအလိုက် လူမျိုးစုများကို အသိအမှတ်ပြု စာရင်းသွင်းလေ့ ရှိသည်။

ဤကဲ့သို့ လူမျိုးစုများ အတွက် ကျေးရွာအုပ်စုကောင်စီများမှ လွှတ်တော်အထိ၊ အချို့သော အစိုးရအလုပ်များ၊ ကောလိပ်ဝင်ခွင့်များနှင့် ရွေးကောက်ခံနေရာများ ကို သီးသန့်စီစဉ်ပေးလေ့ ရှိသည်။

ပြီးခဲ့သည့်လတွင် မဏိပူရတရားရုံးချုပ်သည် မဲထေ လူမျိုးစု ၏ အသနားခံစာ အပေါ် ထောက်ချင့် ဆုံးဖြတ် ပေးပါရန် နိုင်ငံတော် အစိုးရထံ တောင်းဆိုခဲ့သည်။

မဏိပူရပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် တွင် တည်ရှိသည့် ဝေးလံခေါင်သီသော ဒေသ တစ်ခု ဖြစ်သည်။ ၎င်းသည် တိုင်းရင်းသားများနှင့် ခွဲထွက်ရေး အုပ်စုများအကြား ဆယ်စုနှစ်များစွာ မငြိမ်သက်မှုများ ကြုံတွေ့စေခဲ့သည့် ၊ ကျဉ်းမြောင်းသော နယ်နိမိတ်အရံအတား ဖြင့် နိုင်ငံတွင်း အခြားသောပြည်နယ်များနှင့် ဆက်စပ်လျက် ရှိသည်။

မဏိပူရတွင် ၁၉၅၀ ခုနှစ်များ အစောပိုင်းကတည်းက ပထမဆုံးပုန်ကန်မှုဖြစ်ပွားပြီးနောက် ဒေသတွင်း  ပဋိပက္ခများတွင် အနည်းဆုံး လူ ၅သောင်းခန့် အသက်ဆုံးရှုံးခဲ့သည်။

နှစ်ကြာလာသည်နှင့်အမျှ  ဒေသတွင်း အင်အားပိုမိုရရှိရေးအတွက်  အင်အားပိုရဖို့အတွက် နယူးဒေလီ အစိုးရနှင့် သဘောတူညီချက်များ ပြုလုပ်ခဲ့ကြသည့်အတွက် ဤကဲ့သို့ ပဋိပက္ခများ လျော့ပါးလာခဲ့သည်။

Reference

●       Al Jazeera