မြန်မာလုပ်သားများစီးလာသောကား ထိုင်းတောင်ပိုင်းတွင်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး

0
2560

ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာအလုပ်သမား ၁၅ဦး လိုက်ပါလာသောကား ရေမြောင်းထဲ ထိုးကျတိမ်းမှောက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။

တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား နှစ်ဦးသေဆုံးခဲ့ပြီး ကျန်၁၃ ဦးမှာ ဒဏ်ရာရကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်ကြခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းကားသည် မေလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က နရသီဝပ်ခရိုင် ယင်ငေါဒေသ အမြန်လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းပြေးပြီးနောက် လမ်းလယ်မြောင်းထဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာအလုပ်သမားတစ်ဦးမှာ ကားတိမ်းမှောက်ရာနေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုနည်းဖြင့် ကုသပေးကာ နီးစပ်ရာ ယင်ငေါဆေးရုံနှင့် နရသီဝပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဆေးရုံတွင် မြန်မာအလုပ်သမားအမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

“ထိုင်းကနေ မလေးရှားကို ခိုးကူးတာပေါ့။ ဆွေမျိုးတွေက ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ မလေးရှားထဲကနေ။ သူတို့တွေက ၂ ယောက်လား ၃ ယောက်လား သေတယ်လို့ ပြောတယ်။ ကားမှောက်မှုဖြစ်တာကတော့ မှန်ပါတယ်” ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) က ဟတ်ယိုင်တာဝန်ခံ ကိုဘရီက ပြောသည်။

MWRN ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။

ကားပေါ်လိုက်ပါလာသူများသည် မလေးရှားတွင် သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ကားတိမ်းမှောက်မှုကို ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးလျက်ရှိနေသည်ဟု သတင်းများတွင် ဖော်ပြသည်။