စစ်ကောင်စီက တကူကားလမ်းကို တစ်ပတ်ပိတ်ထားဟုဆို

0
2606

မြိတ်မှ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုဘက်သို့သွားသည့်ကားလမ်းကို စစ်ကောင်စီဘက်က တစ်ပတ်ပိတ်လိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြိတ်မှတကူကျေးရွာအုပ်စုသို့သွားသည့် ဇဝဲရွာလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်မှ မေလ ၇ ရက်နေ့မှစတင်ကာ တစ်ပတ်ပိတ်လိုက်ပြီး လက်ရှိတွင်ကားများ သွားလာမရတော့ကြောင်း ဒေသခံများကပြောသည်။

မြိတ်မှတနင်္သာရီသို့ဖြစ်စေ တကူသရဘွင် ကျေးရွာအုပ်စုဘက်သို့ဖြစ်စေသွားလျှင် ဇဝဲရွာလမ်းဆုံ စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ပြီးမှ သွားရောက်နိုင်ပြီး တနင်္သာရီမြို့ဘက်ကိုတော့ လက်ရှိတွင်ပိတ်ထားခြင်းမရှိဟု ကားသမားများ ကပြောသည်။

“တစ်ပတ်လောက်ကတော့ ပြဿနာသိပ်မရှိလောက်ပေမယ့် အကြာကြီးပိတ်ထားရင်တော့ အကုန်ဒုက္ခရောက်ကုန်မှာပေါ့”ဟု တကူကျေးရွာ ဒေသခံအမျိုးသား ကပြောသည်။

ယင်းလမ်းကို တကူ၊သရဘွင်၊ သိန္ဓော၊ကော့မပြင်းနှင့် သင်္ဘောဦးကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများ နေ့စဥ်သွားလာနေကြပြီး ကုန်စည်စီးဆင်းရာ တစ်ခုတည်းသော ကားလမ်းဖြစ်သည်ဟု ဒေသခံများ ထံမှသိရသည်။

“ခရီးသည်ကားချည်း တစ်နေ့ကို ငါးစီးခြောက်စီးလောက် ပုံမှန်သွားနေတဲ့လမ်းပါ။ ကုန်ကားတွေလည်း ဒီလမ်းကပဲ သွားလာကြတာပါ”ဟု ဒေသခံအမျိုးသား နောက်တစ်ဦး ကပြောသည်။

လမ်းပိတ်လိုက်သော်လည်း လက်ရှိတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှု မရှိသေးဟု ဒေသခံများကဆိုသည်။

စစ်ကောင်စီဘက်က အဆိုပါလမ်းအား မည်သည့်အကြောင်းကြောင့် ပိတ်လိုက်သည်ကို ထုတ်ပြန်ခြင်းမရှိပေ။

သို့သော်လည်း တော်လှန်ရေးအင်အားစုများကို ရိက္ခာဖြတ်တောက်ရန်(သို့မဟုတ်) စစ်ကြောင်းထိုးရန် ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ယင်းအဖွဲ့များက သုံးသပ်ပြောဆိုသည်။

သိန္ဓောကျေးရွာတွင် စစ်ကောင်စီတပ်စခန်းတစ်ခုရှိပြီး ရိက္ခာပို့ဆောင်ရာတွင် တကူ၊သရဘွင်ကျေးရွာအုပ်စုသို့ ဖြတ်ပြီး သွားရသဖြင့် အချိန်အကြာကြီး လမ်းပိတ်ခြင်းကိုမူ လုပ်ဆောင်မည်မထင်ဟု တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် တကူ၊သရဘွင်ကျေးရွာအုပ်စုဘက်သို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလကလည်း ယင်းကဲ့သို့ လမ်းကြောင်းပိတ်ကာ စစ်ကြောင်းထိုးခဲ့ဖူးပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ဖူးသည်။