မြိတ်-တနင်္သာရီလမ်းပေါ် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး ခရီးသည်လေးဦး ဒဏ်ရာရဟုဆို

0
3006
ပုံစာ - မြိတ်-တနင်္သာရီကားလမ်း တနေရာ(ပုံဟောင်း)

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ခရီးသည်ကားတစ်စီးလည်း ထိခိုက်ကာ ခရီးသည်လေးဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် ယာဉ်မောင်းအချို့ထံမှ သိရသည်။

မြိတ်နှင့် တနင်္သာရီမြို့နယ်တို့အစပ် ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ မေလ ၇ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယင်းစစ်ယာဉ်တန်းကြားတွင် လိုက်ပါလာသည့် ခရီးသည်တင်ကား တစ်စီးလည်းထိမှန်ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသဖြင့် မြိတ်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများက ဆိုသည်။

“ကြားညှပ်ခံလိုက်ရတာပါ။ ထိတဲ့ကားက မောတောင်ဖက်ကို ခရီးသည်သွားပို့တဲ့ ကားလို့သိရတယ်။ ဒဏ်ရာရတဲ့ လေးဦးစလုံးက တနင်္သာရီတိုင်းသားတွေ မဟုတ်ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီယာဉ်တန်းဖြတ်ချိန် ပေါက်ကွဲသံ ခြောက်ချက်ခန့် ဆက်တိုက်ကြားခဲ့ရကြောင်း ခရီးသည်ယာဉ်မောင်း တစ်ဦးကလည်း Dawei Watch သို့ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်မှုရှိမရှိ မသိရသေးသလို ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုလည်း မသိရသေးပေ။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ယင်းလမ်းပိုင်းကို ပိတ်ချလိုက်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ယာဉ်မောင်းများက ပြောသည်။

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပေါ် မကြာခဏတိုက်ပွဲဖြစ်နေသည့်အတွက် ခရီးသည်ကားများ စစ်ကောင်စီတပ် ယာဉ်တန်းနှင့် နီးကပ်စွာသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးလေ့ရှိသည်။