မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများနိုင်

0
2110

မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မေလအတွင်း  ရက်ပေါင်း ၂၀ ခန့်အထိ မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မေလ ၇ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်ပြီး မေလ ၈ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလဌာနက ထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ အားကောင်းရောက်ရှိနိုင်သည်ဟု ကြေညာချက်က ဆိုသည်။

အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသများသို့ ဝင်ရောက်နိုင်ပြီး ယခုလဒုတိယပတ်(မေလ ၁၀ ရက်နောက်ပိုင်း)တွင် ၄ ရက်မှ ၆ ရက်အထိ မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလက ကြေညာထားသည်။

မုန်တိုင်းရှိသည်ဟု ကြေညာချက်နှင့်အတူ မိုးလာတော့မည်ဖြစ်သဖြင့် ချက်လုပ်ထားသည့် ဆားများကို အပြီးကျုံးနေကြသည်ဟု ဆားလုပ်ငန်းရှင်အချို့က ဆိုသည်။

“မုန်တိုင်းဝင်ဖို့ ကြေညာထားတယ်လေ၊ ၇ ရက် ၈ ရက်ဆို တစ်ပြည်လုံးဆိုတော့ အဲ့ဒီမတိုင်မီ ဆားတွေအကုန်ကျုံးဖို့လုပ်နေတယ်” ဟု ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်က ဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။

အနောက်တောင် မုတ်သုံလေသည် မေလ ၁၉ ရက်မှ ၂၄ ရက်များတွင် မြစ်ဝကျွန်းပေါ်ဒေသများနှင့် မေလ ၂၅ ရက်မှ ၃၁ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နေပြီး ယင်းမိုးတိမ်တောင်များ ရွှေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဧပြီလ ၂၈ ရက်မွန်းလွဲပိုင်းက အသက် ၈ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၃၀ အရွယ်မိခင်တို့ မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သည်။