မွန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၃၀ ဦး ပြန်လွတ်

0
1973

မွန်ပြည်နယ်အကျဉ်းထောင်များမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၃၀ ဦး ပြန်လည်လွတ်မြောက်လာသည်။

မွန်ပြည်နယ်အတွင်း ပုဒ်မ ၅၀၅ ဖြင့် ပြစ်ဒဏ်ကျခံနေရသူများအနက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဥ်းသား ၅ ဦး၊ အကျဉ်းသူ ၂၁ ဦးနှင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄ ဦးတို့ လွတ်မြောက်သည်ဟု အကျဥ်းထောင်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

စာရင်းအရပြန်လွတ်မည့် အကျဥ်းသား ၃၂ ဦး ရှိသော်လည်း အကျဥ်းသား ၂ ဦး ပြန်လွတ်လာခြင်းမရှိသဖြင့် ၃၀ သာပြန်လွှတ်ကြောင်း သိရသည်။

“ကနဦး သိရတာက ၃၂ ဦး လွတ်မယ်။ လွှတ်တဲ့အချိန်မှာ သထုံအကျဥ်းထောင်က လွှတ်မယ့် ၆ ဦးထဲမှာတော့ ၂ ဦးက လွတ်မလာဘူး” ဟု နိုင်ငံရေးအကျဥ်းသားများအရေး ကူညီနေသူတစ်ဦးက ပြောသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဥ်းသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက မေလ ၃ ရက်နေ့က နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လွတ်လာသူများသည် နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက အကျဥ်းသားများကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။