နောက်တက်လာမည့် ထိုင်းအစိုးရက ရွှေ့ပြောင်းခိုလှုံသူများအပေါ်  ပိုမို စာနာနိုင်မည်လား

0
1927

ယခုလအတွင်း ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် နိုင်ငံရေးပါတီများအနေနှင့် ဒေသတွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် ခိုလှုံသူများဆိုင်ရာ ၎င်းတို့၏ မူဝါဒများကို ထုတ်ဖော်သင့်သည်ဟု ဆိုလိုက်သည်။

နိုင်ငံတကာ စင်မြင့်ထက်တွင် ထိုင်းနိုင်ငံ၏ အရေးပါသော ဖြစ်တည်မှုကြောင့် ယင်းအချက်ကို အလေးထားသင့်ဟုလည်း ဘန်ကောက်မြို့၌ ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ရပ်တွင် ဟောပြောခဲ့သည့် ကျွမ်းကျင်သူများစွာက ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲတွင် ပါတီကိုယ်စားလှယ်များ အများစုသည် ဧပြီလ (၆)ရက်နေ့က လူ့အခွင့်အရေးမူအရ ကျမ်းကျိန်ခဲ့ကြကာ ၎င်းတို့သည် ယခု တက်လာမည့်အစိုးရ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါက ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် နေရပ်ဇာတိမှ အခြေအနေအရပ်ရပ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် ခိုလှုံသူများကို ကောင်းမွန်စွာ ဆက်ဆံမည်ဟု ကတိပြုခဲ့ကြသည်။

များပြားနေသော လူဦးရေ

ထိုင်းနိုင်ငံတွင် လက်ရှိ နေထိုင်၊အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများအနက် သုံးသန်းကျော် သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ဖြစ်သည်။

 အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မတ်လအထိ ရရှိထားသောစာရင်းများအရ ထိုင်းနိုင်ငံ တဝန်းရှိ ကဏ္ဍအသီးသီးတွင် တရားဝင်လုပ်သားအဖြစ် မှတ်ပုံတင်ထားသူ  ၂ ဒသမ ၇ သန်းရှိကြောင်း သိရသည်။ ထို့အပြင် ယင်းနိုင်ငံများမှ မှတ်ပုံတင်မထားသော အလုပ်သမား ဦးရေသည် ၁ ဒသမ ၅ သန်းမှ ၂ သန်းခန့်ရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

နောက်ထပ် ပုံမှန်မဟုတ်သော လူဦးရေ နှင့် ရွှေ့ပြောင်းနေထိုင်သူ အများအပြားမှာ ဒုက္ခသည်စခန်းများနှင့် ထိန်းသိမ်းရေးစခန်းများတွင် သင့်လျော်သော စောင့်ရှောက်မှုမရှိဘဲ  နှစ်ပေါင်းများစွာ  နေထိုင်နေခဲ့ကြရသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းမှစ၍ မြန်မာနိုင်ငံမှ ဒုက္ခသည် ကိုးသောင်းကျော် အပြင် နိုင်ငံပေါင်း ၄၀ ကျော်မှ မြို့ပြဒုက္ခသည် ငါးထောင်ခန့်နှင့် နိုင်ငံမဲ့သူ လေးသိန်းရှစ်သောင်း စသည်တို့ကို ၎င်း၏ နယ်စပ်ပြည်နယ်များတွင် ခိုလှုံခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောကြားချက်အရ သိရသည်။

ထိုင်းအာဏာပိုင်များသည် ၂၀၁၅ခုနှစ်ကတည်းကပင် ဤသို့ တိမ်းရှောင်လာသူများအနက် ဝီဂါလူမျိုး ၁၅၀ ဦး ကို ထိန်းသိမ်းခဲ့သည့် အပြင် တူရကီနိုင်ငံမှ ကလေးနှင့် အမျိုးသမီး ၁၇၀ ဦးနှင့် တရုတ်နိုင်ငံမှ အမျိုးသား ၁၀၉ ဦး တို့ကိုနေရပ်ပြန်ပို့မှုများ ရှိခဲ့သည်။

ယခုလို နေရပ်ပြန်လည်ပို့ဆောင်မှုသည် အဆိုပါ တိမ်းရှောင်လာသူများအဖို့ သက်ဆိုင်ရာအစိုးရထံမှ ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခံထားရနိုင်ချေ ပိုများစေကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါအခြေအနေများ ရှိနေသည့် ၊ ထူထပ်သော အသိုက်အဝန်းထံမှ ယခုလာမည့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲနှင့် အကျိုးအမြတ် တစ်စုံတရာ ရမည် မဟုတ်သော်လည်း ၎င်းတို့အတွက် သင့်လျော်သည့် မူဝါဒများ ချမှတ်ပေးစေလိုကြောင်း နိုင်ငံရေးပါတီများကို ရွှေ့ပြောင်းအလုပ်သမားရေးရာအဖွဲ့က တောင်းဆိုထားသည်။

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် ၊ ဆန်ခလာ ခရိုင်တွင် တရားမဝင် ဝင်ရောက်မှုဖြင့် ရိုဟင်ဂျာ ၉၆ ဦးကို ယခုနှစ် ၊ ဧပြီလ (၅)ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့မှုအပြီး နိုင်ငံတွင်း ထိန်းသိမ်းခံထားရသူ ရိုဟင်ဂျာ ဦးရေ ၅၀၀ ကျော်အထိ တိုးမြင့်လာခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်ခန့် ၊ ၂၀၂၁ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ယခုချိန်အထိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် လူပေါင်း ထောင်နှင့်ချီ ထွက်ပြေးခဲ့ရပြီး လက်ရှိတွင် ထိုင်းအာဏာပိုင်များ၏ ကာကွယ်ပေးမှုမရသဖြင့် ထိုင်းနယ်စပ်တလျှောက် တရားမဝင် နေထိုင်နေကြရကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အလုပ်အဖွဲ့မှ လူထုဆွေးနွေးပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

လူ့အခွင့်အရေးသည် ဦးစားပေးတစ်ရပ်

ဖွေထိုင်း ပါတီမှ ချာတူရွန် ချိုင်ဆန် က ၎င်း၏ပါတီတွင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူနှင့် ကုလသမဂ္ဂ ပဋိဉာဉ် တို့နှင့် အညီ ရေးဆွဲထားသည့်ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များဆိုင်ရာ ရှင်းလင်း ပြတ်သား သော မူဝါဒရှိကြောင်း၊ ယင်းမူဝါဒသည် နိုင်ငံတကာအရေးဆိုင်ရာ တာဝန် ဝတ္တရားများကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်သည့် နိုင်ငံခြားရေးရာမူဝါဒ၏ ဖယ်ချန်ထား၍ မရသော အစိတ်အပိုင်း တစ်ခုဖြစ်သည် ဟု ၎င်းက ဆိုသည်။

“ကျွန်ုပ်တို့ ပါတီအနေနဲ့ အာဆီယံအဖွဲ့ ရဲ့ သဘောတူညီချက်ငါးရပ် နဲ့အညီ မြန်မာပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ရာ ဆောင်ရွက်သွားမှာပါ” ဟု ချာတူရွန်က ပြောသည်။ ထို့ပြင် ပရာယွတ်ချန်အိုချာလက်ထက် လက်ရှိ ထိုင်းအစိုးရသည် မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အလွန်နီးကပ်နေပြီး နိုင်ငံရေးအရ ခိုလှုံခွင့်တောင်းခံသူများကို ဆိုးရွားစွာ ဆက်ဆံသည်ဟု ၎င်းက စွပ်စွဲခဲ့သည်။

ဒီမိုကရက် ပါတီမှ ကီယတ် စစ်ဟိယမောန် က ဒုက္ခသည်များကို ပြန်လည်နေရာချထားရေး သို့မဟုတ် စောင့်ရှောက်မှုအတွက် ငွေကြေးထောက်ပံ့မှု တစ်စုံတရာ ပေးအပ်ရန် စသည့် တာဝန်များဆိုင်ရာ အခက်အခဲများကို နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ တက်ကြွစွာ မျှဝေဆောင်ရွက်နိုင်မည့် နိုင်ငံခြားရေးမူဝါဒကို အဆိုပြုခဲ့သည်။

“သေချာပါတယ်၊ ကျွန်ုပ်တို့အနေနဲ့ နေရပ်ပြန်ဖို့ အန္တရာယ်ရှိတဲ့ ခိုလှုံသူတွေကို အတင်းအကျပ် ပြန်ပို့တာမျိုး မလုပ်တဲ့မူကို လိုက်နာမှာဖြစ်ပြီး အန္တရာယ်ကြုံလာရင်လည်း သူတို့ကို ပြည်နှင်ဒဏ်ပေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံကိုမှ ကျွန်ုပ်တို့အပေါ် ဆရာလုပ်ခွင့် ပေးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဖိုရမ်တွင် ပြောကြားခဲ့သည်။

Move Forward ပါတီမှ ချွန်တီချာ ကျန်းရောင်းဝ် က ၎င်းတို့ ပါတီ သည် အဆိုပါ ဒုက္ခသည်များအား နိုင်ငံတကာဥပဒေနှင့်အညီ အပြည့်အဝအကာအကွယ်ပေးနိုင်ရန်အလို့ငှာ ၊ ၁၉၅၁ခုနှစ်က ပြဌာန်းထားသည့် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး အတည်ပြုလိုက်နာကျင့်သုံးရန် ထိုင်းနိုင်ငံ (အစိုးရ) အား တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့အနေနဲ့ အရင်အစိုးရရဲ့ မှားယွင်းတဲ့မူဝါဒတွေကို ပြုပြင်ပြီး ဒီကိစ္စရပ်ကို လုံခြုံရေးဆိုင်ရာ အမြင် ထက် လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ရှုထောင့်ကနေ ကြည့်ရမယ်” ဟု ချွန်တီချာ က ဆိုသည်။

ပါတီအနေဖြင့် ဝင်ရောက်မစွက်ဖက်ရေးမူကို ပြန်လည်သုံးသပ်သွားမည် ဖြစ်ပြီး အကြည်ညိုပျက်စေမှု ကဲ့သို့သော အမှုဖြင့် တရားစွဲဆိုခံရပြီးနောက်  ထိုင်းနိုင်ငံတွင်းမှ ထွက်ပြေးကာ ခိုလှုံခွင့်တောင်းခံသည့် ထိုင်းနိုင်ငံသားများ ကိုလည်း အကာအကွယ် ပေးမည် ဖြစ်သည်။ ဤသို့ တိမ်းရှောင်သွားကြသူများအနက် အချို့မှာ အိမ်နီးချင်းနိုင်ငံများတွင် အသတ်ခံရသည်ဟု သံသယရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“တရုတ်၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့ ထိုင်းနိုင်ငံသား သုံးဦး ကို အတင်းအဓမ္မလက်စဖျောက်မှု တွေ ရှိပြီး ထိုင်း တက်ကြွလှုပ်ရှားသူ ၇ ဦးကတော့ အခြားသော အိမ်နီးချင်း နိုင်ငံတွေမှာ ပျောက်ဆုံးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်” ဟု ချွန်တီချာ က ဆိုသည်။ “(တိမ်းရှောင်သူတွေထဲက) တချို့ဆိုရင် မဲခေါင်မြစ်ထဲမှာ သေဆုံးနေတာမျိုး တွေ့ရင်တောင် ဘယ်သူကမှ တာဝန်မယူဘူး။”

ကာလရှည်ကြာ ဒုက္ခသည်များ ကို နိုင်ငံသား ဖြစ်ခွင့် ပေးရေး

Fair Party မှ ကန်နာဝီး ဆူ့ပ်ဆန် က ၎င်း၏ပါတီသည် ပုံမှန်အခြေအနေများနှင့်မတူ ရွှေ့ပြောင်းနေထိုင်သူများနှင့် ခိုလှုံခွင့်တောင်းသူများကို လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် မဟုတ်ဘဲ လူသားချင်းစာနာမှုရှုထောင့်မှသာ ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ ပါတီအနေနှင့် ယခုကိစ္စရပ်ကို သက်ဆိုင်ရာ အေဂျင်စီများနှင့် တာဝန်ရှိသူအားလုံး ရေရှည်ကို ကြည့်ကာ ဆောင်ရွက်ရန် လိုအပ်သည့် အမျိုးသားအဆင့် အစီအစဉ်အဖြစ် အဆိုပြုထားသည်။

“အခုကြည့်ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံ က ၁၉၇၉ခုနှစ် ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ အရ  ခိုလှုံသူတွေရဲ့ တရားမ၀င် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး အခြေအနေအရပ်ရပ်နဲ့ ရွှေ့ပြောင်းနေထိုင်မှု အမျိုးမျိုးကို ပြစ်ဒဏ်နဲ့ ပြည်နှင်ဒဏ်ပေးဖို့ လိုအပ်သူများအဖြစ် ကိုင်တွယ်ဆောင်ရွက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ဒုက္ခသည်များအနက် လူကုန်ကူးခံရသူများဖြစ်ကြောင်း သက်သေပြနိုင်သူများကို ပြည်နှင်ဒဏ် မပေးသော်လည်း ထိုင်းအာဏာပိုင်များဆီမှာ ယင်းကဲ့သို့ ခိုလှုံလာသူများကို ထိန်းသိမ်းရေးစခန်းများတွင် ချုပ်နှောင်ထားခြင်း ထက် ပိုမိုကောင်းမွန်စွာ ဆက်ဆံရန် ပြတ်ပြတ်သားသား မူဝါဒမရှိနေဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက် ပြုလိုသည့် လူမှုဝန်ထမ်းတစ်ဦးက ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် ဤသို့သော အခြေအနေများကို နှစ်ရှည်လများ ကိုင်တွယ်ဖြေရှင်းခဲ့သည့် အတွေ့အကြုံရှိသူ ကန်နာဝီး က လာမည့် ထိုင်းအစိုးရသစ်သည် မြန်မာနိုင်ငံမှ ဒုက္ခသည် ၉၀,၀၀၀ ကို ထိုင်းလူ့အဖွဲ့အစည်းအတွင်းသို့ ပေါင်းစည်းထည့်သွင်းမှု အပေါ် စဉ်းစားရန် အကြံပြုခဲ့သည်။ အကြောင်းရင်းမှာမူ အဆိုပါ ဒုက္ခသည်များသည် ဆယ်စုနှစ် လေးစုကျော်ကြာ ထိုင်းနိုင်ငံတွင်း ခိုလှုံရေးစခန်းများတွင် နေထိုင်လာခဲ့ကြခြင်းကြောင့် ဖြစ်သည်။

“(အဲ့ဒီဒုက္ခသည်တွေအနေနဲ့) တတိယနိုင်ငံမှာ အခြေချနေထိုင်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ မွေးရပ်မြေကို ပြန်ဖို့ အခွင့်အလမ်း မရှိဘူး” ဟု ၎င်းက ဆိုသည်။ “အဲ့ဒါဆိုရင် သူတို့ကို နေဖို့၊ ပညာသင်ကြားဖို့၊ ဒီမှာ (ထိုင်းနိုင်ငံမှာ) အလုပ်လုပ်ဖို့ ဘာကြောင့် မကြိုဆိုကြတာလဲ။ ဒုက္ခသည် စခန်းတွေကို ပိတ်ချင်ရင် သူတို့ကို ကြိုဆိုဖို့ တံခါးဖွင့်ပါ” ဟု ၎င်းက ဆွေးနွေးပွဲမှာ ပြောကြားခဲ့သည်။

နိုင်ငံစီးပွားရေးအပေါ် အကျိုးပြုမှု

ရွှေ့ပြောင်းအလုပ်သမားများကို ထိန်းညှိခြင်းမူဝါဒသည် လုံခြုံရေးဆိုင်ရာ ကိစ္စများထက် စီးပွားရေးအရ စီမံခန့်ခွဲမှု ကဏ္ဍနှင့် ပိုမိုသက်ဆိုင်သည်ဟု နိုင်ငံရေးပါတီအများစုက သဘောတူညီခဲ့ကြသည်။ အမျိုးသားလုံခြုံရေးကောင်စီ ဦးဆောင်သော ထိုင်းအာဏာပိုင်များသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိန်းချုပ်နိုင်မှုကို ဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့အပေါ် ပိုမို ကန့်သတ် ထိန်းချုပ်ခဲ့သည်။ ဤသို့ ရွှေ့ပြောင်းလုပ်သား အင်အားများလာမှုအပေါ် ထိုင်းလူမျိုးများထံမှ အလုပ်အကိုင်များ ယူဆောင်သွားမည့် ခြိမ်းခြောက်မှုတစ်ရပ်ဟု  ထိုင်းလူမျိုးအများစုက ယုံကြည်ကြသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေဟာ အရင်အစိုးရတွေတုန်းက ပြောကြသလို လုံခြုံရေးအရ ခြိမ်းခြောက်မှု မဟုတ်ဘူး။ သူတို့တွေက ထိုင်းနိုင်ငံ ရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီသူတွေသာ ဖြစ်ပါတယ်” ဟု ဇန်ဒိုင်း ပါတီမှ ခရစ် ပိုထရာနန်ဒါ က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ဆီမှာ (နိုင်ငံတွင်း) လုပ်သားအင်အား ကျဆင်းနေတာကြောင့် သူတို့ကို လိုအပ်နေပါတယ်။ သူတို့က ထိုင်းစီးပွားရေးအတွက် အလုပ်လုပ်ပြီး အစိုးရကို အခွန်ပေးဆောင်နေကြသူတွေပါ။ ဒါက အင်မတန်များပြားတဲ့ ဝင်ငွေတစ်ရပ်ပဲ”

ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲမှုတွင် အတွေ့အကြုံရှိသည့် ပါတီများကို ကိုယ်စားပြုထားသည့် ချာတူရွန် နှင့် ကီယတ် တို့သည် ဤအမြင်အပေါ် သဘောတူသော်လည်း အခြားနည်းလမ်းတစ်ခုကို အဆိုပြုခဲ့သည်။ ထိုင်းအစိုးရ အနေနှင့် လူကုန်ကူးမှုနှင့် အကျင့်ပျက်ခြစားမှုများကို ရှောင်ရှားရန် အများဆုံး လုပ်ဆောင်လေ့ရှိသည့် ၊ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများကို ငှားရမ်းရာတွင် ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ရန် လိုအပ်ကြောင်း ဖွေထိုင်းပါတီ က မြင်သည်။

“ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဟာ သူတို့ရဲ့ ခရီးသွားလာမှုနဲ့ အလုပ်အကိုင်ရရှိရေး ဘေးကင်း ၊ လွယ်ကူချောမွေ့စေဖို့ လုံခြုံရေးဆိုင်ရာအရာရှိတွေဖြစ်တဲ့ စစ်တပ်၊ ရဲ၊ ပြည်ထဲရေးအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပွဲစားတွေထံ ဘတ်ငွေ ၃သောင်း လောက် ပေးနေရပါတယ်” ဟု ချာတူရွန်က ပြောကြားခဲ့သည်။

အလုပ်သမားရှားပါးမှု အတွက် အဖြေတစ်ခု

သက်ဆိုင်ရာ အရာရှိများ (ကြားပေါက်) ၀င်ငွေရနိုင်ရန်  ထိုင်းအာဏာပိုင်များ အနေနှင့် ရွှေ့ပြောင်း လုပ်သားများအပေါ် ၎င်းတို့၏ နိုင်ငံသားနှင့် ဇာစ်မြစ်ကို စိစစ်ရန် ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများ ဖန်တီးထားသည် ဟု ချာတူရွန် က ဆိုသည်။ “အလုပ်ရှင်က ရွှေ့ပြောင်းလုပ်သားတွေကို ခန့်ဖို့ သဘောတူရင် (အစိုးရအနေနဲ့) သူတို့ကို လွတ်လွတ်လပ်လပ် အလုပ်လာရှာဖို့ နဲ့ လုပ်ကိုင်ခွင့်တွေ ကို ဘာလို့  မပေးတာလဲ” ဟု ဆိုရင်း ချာတူရွန် က စိန်ခေါ်ခဲ့သည်။

နိုင်ငံတွင်း စီးပွားရေး နယ်ပယ် ဖွံ့ဖြိုးတိုးတက်ဖို့ရာ ရွှေ့ပြောင်းအလုပ်သမားများအား  အဆင့်မြင့် ကဏ္ဍများ အတွက် ကိုက်ညီသော အရည်အချင်းများ ရှိလာစေရေး ထိန်းညှိ၊ စိစစ်ရန် လိုအပ်ကြောင်း ဒီမိုကရက်ပါတီမှ ကီယတ် က ပြောကြားခဲ့သည်။ “ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ အလုပ်အကိုင် ရှာဖွေနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို လွတ်လပ်စွာ သွားလာခွင့် မပြုဘူး” ဟု ၎င်းက ဆိုသည်။

Move Forward ပါတီ မှ ချွန်တီချာ က ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်အကိုင်ရရှိရေးသာမက ထိုင်းနိုင်ငံသားများနည်းတူ လူမှုဖူလုံရေးအစီအစဉ်များကို လက်လှမ်းမီသင့်သည်ဟု ဆိုသည်။ ၎င်းတို့ပါတီ အနေနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ သဘောတူစာချုပ်ပါ အချက် နံပါတ် ၈၇ နှင့် ၉၈ တို့ကို အတည်ပြုရန် အစိုးရကို တွန်းအားပေးမည် ဖြစ်ပြီး အလုပ်သမားဆိုင်ရာ စံချိန်စံညွှန်းများ အဆင့်မြှင့်တင်ကာ ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် နိုင်ငံအတွင်း အလုပ်သမားများ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ပေးရင်း ၎င်းတို့၏ ညှိနှိုင်းနိုင်စွမ်းအားအတွက် သမဂ္ဂများဖွဲ့စည်းရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချွန်တီချာက ပြောကြားခဲ့သည်။

ဘာသာပြန် – ဒါလီ

“Would the next government be kinder to migrants and refugees?” by By Thai PBS World’s Political Desk  ကို ဘာသာပြန်ဆိုရေးသားသည်။