ရေလောင်းမှပွင့်သည့် ဂိတ်များ

0
2466

အဝေးပြေးလမ်းမကြီးများ အပါအဝင် လမ်းဆုံလမ်းခွများတွင် စစ်ဆေးရေးဂိတ်များက အစီအရီရှိနေသည်။

ယင်းဂိတ်များမှာ ရေလောင်းမှ ပွင့်သည့်ဂိတ်များဟု ဆိုကြသည်။

ဆယ်စုနှစ်တစ်ခုခန့် ပျောက်ကွယ်သွားသည့် ဝါးတားဂိတ်ဟု ခေါ်ကြသော ဝါးလုံးတားဂိတ်များမှာ စစ်အာဏာသိမ်းပြီးချိန်တွင် အစီအရီပြန်ထွက်ပေါ် လာသည်။

ဂိတ်များကို ဖြတ်ရန်အတွက် ပိုက်ဆံပေးကြရသည်ကို ခေတ်စကားဖြင့် ရေလောင်းသည်ဟု ခေါ်ကြရာ ယင်းဂိတ်များမှာ ရေလောင်းမှ ပွင့်သည့်အံ့ဖွယ်ဂိတ်များ ဖြစ်လာသည်။

အာဏာမသိမ်းမီက တနင်္သာရီတိုင်းအတွင်း ခရီးသည်တင်ယာဉ်များကို စစ်ဆေးနေသည့် ဂိတ်မှာ နှစ်ခုသာရှိသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ မလွှဲတောင်ဂိတ်နှင့် ထိုင်း-မြန်မာနယ်စပ်သွားရာ မေတ္တာတံတားဂိတ်ဖြစ်သည်။

ယင်းကာလက အဆိုပါဂိတ်နှစ်ခုတွင် ပုံမှန်အားဖြင့် မှတ်ပုံတင်မှလွဲပြီး အခြားထွေထွေထူးထူး စစ်‌ဆေးလေ့မရှိပေ။

ယင်းအပြင် ဗျောတောဝဂိတ်၊ ပေါက်တိုင်းတံတားဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်ကဲ့သို့ နေရာအချို့တွင် ကင်းချထားသည့် ရဲအချို့ရှိသော်လည်း လက်ဖက်ရည်ဖိုး တောင်းသည်မှအပ စစ်ဆေးလေ့မရှိကြပေ။

ထိုအချိန်က ကားသမားများမှာ ဆီဖိုး၊ လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေးမှလွဲ၍ အခြားအပိုကုန်ကျစရိတ် မရှိသလောက်ပင်။

အာဏာသိမ်းပြီးချိန်တွင်မူ သံဆူးကြိုးတပ် ဘယ်ရီဂိတ်ချထားသည့် ဝါးတားဂိတ်များ မှိုလိုပေါက်လာသည်။

Dawei Watch က ပြုစုထားသည့်စာရင်းအရ တနင်္သာရီတိုင်းအဝင် မလွှဲတောင်ဂိတ်မှ ကော့သောင်းမြို့အဝင်အထိ ဝါးတားဂိတ်ပေါင်း ၂၇ ခုအထိ ရှိလာသည်။

မလွှဲတောင်မှ ကော့သောင်းအထိ ခရီးအကွာအဝေးမှာ ၄၉၅ မိုင်ခန့်ရှိသည့်အတွက် ပျမ်းမျှအားဖြင့် ၁၈ မိုင်လျှင် ဝါးတားဂိတ်တစ်ခုရှိနေသည်။

ယင်းသို့ ဝါးတားဂိတ်များလာသည့်နည်းတူ ကားသမားများအတွက်လည်း ဆီဖိုးအပြင် လမ်းစရိတ်ပိုကုန်လာသည်။

ဝါးတားဂိတ်တစ်ခုလျှင် ငွေကျပ်တစ်ထောင်နှုန်း အနည်းဆုံးပေးနေရပြီး ရန်ကုန်-ထားဝယ်ခရီးစဉ်အတွက် ပေးရသည့်ငွေက ကျပ်သုံးသောင်းအထက် ကုန်ကျကြောင်း ကားသမားတစ်ဦးက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တနင်္သာရီတိုင်းအဝင် မလွှဲတောင်ဂိတ်အပါအဝင် စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျမည့်အရေးမှာ ၎င်းတို့အတွက် ဆုလာဘ်တစ်ခုပင်ဖြစ်နေကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အဲဒီဂိတ်တွေမှာကျပြီဆိုရင် ငွေရွှင်ပြီပေါ့။ ဒီအတွက်ကို ဂိတ်တွေမှာချရင် အရမ်းဝမ်းသာကြတာ”ဟု ၎င်းက ပြောသည်။

ခရီးသည်တင်ကားများက ဂိတ်တစ်ခုလျှင် ပျမ်းမျှအားဖြင့် ကျပ်တစ်ထောင်ပေးရသည်ဆိုသော်လည်း ထိုင်းနိုင်ငံကိုသွားမည့်သူ(ဘောလုံး)များပါလျှင် ကျပ်သိန်းဂဏန်းအထိ ပေးရသည်။

ထိုကြောင့်ပင် သာမန်တပ်ကြပ်တစ်ဦး မလွှဲတောင်ဂိတ်တွင် နှစ်ပတ်ခန့်တာဝန်ကျပါက သိန်းနှစ်ဆယ်ခန့်အထိ ခွဲတမ်းရနေကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။

မလွှဲတောင်ဂိတ်လို ဂိတ်မျိုးတွင် တာဝန်ကျသူများမှာ အိမ်အပြန် ငွေထုပ်ပိုက်ပြီး ခေါင်းမော့ရင်ကော့ကာ ပြန်နိုင်ကြပေသည်။

စစ်ကောင်စီကမူ လုံခြုံရေးအကြောင်းပြပြီး ဂိတ်အများအပြားဖွင့်လှစ်ထားသော်လည်း ခရီးသွားများနှင့် ကားသမားများအတွက်မူ ငွေထွက်ပေါက်များဖြစ်နေသည်။

အရှေ့တောနယ်ဟုခေါ်သည့် ထားဝယ်-မေတ္တာလမ်းပိုင်းတွင်လည်း ယခင်က စစ်ဆေးရေးဂိတ်တစ်ခုသာရှိသော်လည်း လက်ရှိတွင်မူ ၅ ဂိတ်အထိ ရှိနေသည်။

ထိုဂိတ်များမှာလည်း ငွေတောင်းရာတွင် နာမည်ကြီးသလို ကြမ်းကြမ်းတမ်းတမ်းစစ်ဆေးသည့်နေရာတွင်လည်း အမည်ဆိုးထွက်နေသည်။

အကန့်အသတ်ဖြင့်သာ သယ်ဆောင်ရန် စစ်ကောင်စီတပ်က တားမြစ်ထားသည့် ဆန်၊ စက်သုံးဆီကဲ့သို့ ပစ္စည်းများတင်ဆောင်သည့် ကားများတွင် ငွေကြေးတောင်းခံခြင်း၊ ပစ္စည်းသိမ်းဆည်းခြင်းနှင့် ဖမ်းဆီးခြင်းများလုပ်လေ့ရှိသည်။

ပြီးခဲ့သည့်မတ်လကုန်ပိုင်းကပင် ထားဝယ်အရှေ့တောနယ်ရှိ စစ်ဘေးရှောင်များကို ထောက်ပံ့မည့်စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ တင်လာသည့် ကားတစ်စီးကို ပကာရီရဲကင်းစခန်းက ဖမ်းဆီးထားခဲ့သည်။

စစ်အာဏာမသိမ်းမီက စစ်ဆေးရေးဂိတ်လုံးဝမရှိခဲ့သည့် လောင်းလုံးကျွန်းဆွယ်တွင်လည်း ဝါးတားဂိတ် ၄ ခု ပေါ်ထွက်လာသည်။

အပြိုင်အဆိုင်ပေါ်ထွက်လာသည့် ဝါးတားဂိတ်များတွင် ငွေကြေးပေးနေရသည့်အပြင် စစ်ကောင်စီတပ်သားများ၏ မောက်မာရိုင်းစိုင်းစွာဆက်ဆံခြင်း၊ သေနတ်ပြခြိမ်းခြောက်ခြင်းများပါ ကြုံနေရကြောင်း ရန်ကုန်-ထားဝယ်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်မောင်းက ဆိုသည်။

“စစ်သားလေးတွေက ကိုယ့်သားသမီးအရွယ်လောက်ပဲရှိသေးတယ်။ ‌တော်တော်ကိုရိုင်းရိုင်းစိုင်းစိုင်းဆဲတာခံရတယ်။ ကိုယ့်သားအရွယ် သမီးအရွယ်လေးတွေက ဆဲတာခံရတော့ တော်တော်လေးဒေါသထွက်တယ်။ ဒါပေမဲ့ သူတို့ခေတ်ပဲလေဆိုပြီး သည်းခံနေရတယ်” ဟု၎င်းက ပြောသည်။

ပြည်သူများက ‘နဖူးကချွေး ခြေမကျအောင်’ ရှာထားရသည့် ပိုက်ဆံများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံ အဆဲအဆိုခံကာ ခခယယပေးနေကြရသည်။

ယင်းသို့ပေးနေခြင်းမှာ စေတနာရှိ၍ မဟုတ်ဘဲ အာဏာအလွဲသုံးစားလုပ်ကာ မတရားဖမ်းဆီးခြင်း၊ ပစ္စည်းသိမ်းခြင်း၊ အသက်အန္တရာယ် ပြုခြင်းတို့ လုပ်ဆောင်မည်ကို စိုးရိမ်၍ဖြစ်သည်။

ကားသမားများဆိုလျှင် ယင်းပိုက်ဆံရဖို့အတွက် အသက်အန္တရာယ်ကြားတွင် စွန့်စားသွားလာကာ ရှာထားကြရခြင်းဖြစ်သည်။

ပိုက်ဆံလည်းပေးရသေး ခြိမ်းခြောက်ဆဲဆိုခြင်းများလည်း ခံရကြောင်းကို ကားသမားတစ်ဦးက အခုလိုဆိုလိုက်သည်။

“တစ်ခါတစ်လေကျရင် ဂိတ်တွေက ရစ်တယ်။ မောင်းပြေးတယ်ဆိုပြီး ရန်ရှာတာခံရတယ်။ သေနတ်တွေနဲ့ချိန်ပြီး ပစ်ထည့်လိုက်ရမလားဆိုပြီး ခြိမ်းခြောက်ခံရတယ်”