အီတလီလက်ဝှေ့မယ်ကို အနိုင်ယူပြီး မွေထိုင်း ၁၁ ပွဲဆက်တိုက် အနိုင်ရသည့်စံချိန်ကို ဘရော်နီကာ စိုက်ထူ

0
5692
Photos – Vero Nika

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ သည် အီတလီနိုင်ငံ၊ ရောမမြို့သို့ သွားရောက်ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲစဉ်တွင် ပြိုင်ဘက် အီတလီလက်ဝှေ့မယ် အက်စ်တာ ဗွိုင်အိုလာ ကို အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။

ပွဲချီ သုံးချီပြည့် ထိုးသတ်ပြီးသည့်နောက် တစ်ဦးနှင့် တစ်ဦး အလဲထိုးနိုင်ခြင်း မရှိသည့်အတွက် ဘရော်နီကာနှင့် အက်စ်တာ ဗွိုင်အိုလာတို့က အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူခဲ့ရကာ အမှတ်ပေးဒိုင်လူကြီးများက လက်ရည်အသာစီးဖြင့် ထိုးသတ်သွားခဲ့သော ဘရော်နီကာ ကို အနိုင်ပေးလိုက်ကြခြင်းဖြစ်သည်။

Thai Fight: Rome အမည်ဖြင့် ကျင်းပခဲ့သော ယခုပြိုင်ပွဲသည် ဘရော်နီကာအတွက် သူမ၏ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ပထမဆုံးသော နိုင်ငံတကာပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ကာ မွေထိုင်းပွဲစဉ်များ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၁၁ ပွဲဆက်တိုက် အနိုင်ရရှိသည့် စံချိန်မှတ်တမ်းကောင်းကိုလည်း ကယန်းကျားသစ်ဟု ချစ်စနိုးခေါ်ဝေါ်ခံရသည့် ဘရော်နီကာက ရရှိသွားခဲ့ပြီဖြစ်သည်။

ဘရော်နီကာသည် မြန်မာ့ရိုးရာလက်ဝှေ့တွင် ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်ကာ မွေးထိုင်းတွင်လည်း လက်ရှိကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေသူဖြစ်သည်။ ထိုင်းဘုရင့်ဖလား လက်ဝှေ့ပြိုင်ပွဲတွင်လည်း ဘရော်နီကာ က ချန်ပီယံဆု ရရှိခဲ့ဖူးသည်။