အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
3687

Princes in The Darkness 1990s

အခန်း(၃၄)

“မင်း ကံကောင်းတယ်….မင်းတည်းခဲ့တဲ့ ထမင်းဆိုင်က ငါ့လူတွေပဲ…မင်းက ငါ့အကြောင်းကို မသိမသာ မေးနေတယ်ဆိုတော့..သူတို့စိတ်ထဲ ငါဒီနယ်မြေရောက်နေတာကို လိုက်စုံစမ်းနေတဲ့ အစိုးဘက်ကလူ လို့ ထင်ပြီး မင်းကို တစ်ခါထဲ ရှော့တော့မလို့”

“ကျွန်တော်က ဒေါ်ယုယုမော်အကြောင်း ဘာကိစ္စ စုံစမ်းရမှာလဲ….ကျွန်တော့်ကိစ္စနဲ့ ကျွန်တော်ထွက်ပြေးလာရတာကို”

“အေးပါ..ဒီကိစ္စတွေ အကုန်လုံး ငါသိပြီးပါပြီ…ဒါကြောင့်လည်း မင်းကို ဘုရားသုံးဆူမရောက်ခင် လမ်းက ဖြတ်ခေါ်လိုက်တာပေါ့…ဘုရားသုံးဆူမှာ မင်းကို သတ်မယ့်သေမင်းတွေရောက်နေပြီဆိုတာ မင်းသိရဲ့လား”

ဗေဒါက ခေါင်းခါလိုက်သည်။

“ဇမိမြစ်အထိနယ်မြေက ငါ့အပိုင်မို့လို့ တော်သေးတယ်..ဟိုဘက်ခြမ်းဆို ငါတို့လည်း မင်းကို မကယ်နိုင်တော့ဘူး”

“ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်ရမယ့်သူက..ငါ မဟုတ်ဘူး….ဟိုမှာ လာနေပြီ”

ဆိုင်ကယ်သံများကြောင့် ဗေဒါက နောက်သို့ လှည့်ကြည့်လိုက်၏။

ဖုန်လုံးကြီးများနှင့်အတူ ဆိုင်ကယ်များက သူတို့ ထိုင်နေသည့် ခြေတံရှည်အိမ်ရှိရာသို့ မောင်းနှင်လာ

ဆိုင်ကယ်များ၏ ရှေ့ဆုံးမှ “ယမဟာ” ဆိုင်ကယ်အမြင့်ပေါ်တွင် မေယုကြေးမုံ။

အနက်ရောင်ကိုယ်ကြပ်အင်္ကျီနှင့် ပျောက်ကျားဘောင်းဘီခပ်ပွပွကို ဝတ်ထား၏။

နောက်ကျောတွင်လည်း AK47 မောင်းပြန်သေနတ်တစ်လက်ကို လွယ်ထားသည်။

ဆံပင်ခပ်တိုတို က ဖုန်မှုန့်များကြောင့် ဖွေးနေ၏။

မေယုကြေးမုံက ..အိမ်ပေါ်သို့ ခပ်သွက်သွက်ပြေးတက်လာသည်။

ဗေဒါက ပြောင်းလဲသွားသော မေယုကြေးမုံ၏ ပုံစံကို တအံ့တဩကြည့်နေ၏။

မေယုကြေးမုံက ကျောတွင်လွယ်ထားသော သေနတ်ကို ဖြုတ်ကာ ရှေ့စားပွဲပေါ်သို့ တင်လိုက်ပြီး ထိုင်ခုံအလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။

“သူတို့ဘက်ကတော့ ဘတ်နဲ့ပဲ ချေပေးမယ်လို့ တပ်မဟာမှူး က ပြောတယ်..အမေ…. လိုချင်တာတော့… အလက် (၁၀၀)လို့ ပြောတယ်… သဘက်ခါ အကြောင်းပြန်ပေးမယ်လို့ ပြောခဲ့လိုက်တယ်”

“ကျည်ကရော”

“ကျည်ကိစ္စကတော့….သေနတ်ကိစ္စပြောဆိုပြီး အဆင်ပြေမှ တွက်ချက်ပြီးထပ်မှာမယ်တဲ့”

“ဟုတ်ပြီ..အမေ စိုးနောင်ဆီ ချိတ်ဆက်ပြီး ဟိုဘက်လမ်းကြောင်းအခြေအနေလှမ်းမေးလိုက်မယ်….သဘက်ခါကျ သမီးပဲ…သူတို့ဆီသွားလိုက်ပေါ့..ဒီမှာ..သမီးဧည့်သည်ရောက်ပြီ..စကားပြောလိုက်ဉီး”

ဒေါ်ယုယုမော်က ဗေဒါအား တချက်ကြည့်ကာ ထထွက်သွား၏။

မေယုကြေးမုံက ဗေဒါကို တချက်ကြည့်ကာ ဆံပင်မှ ဖုန်မှုန့်များကို လက်ဖြင့်သပ်ကာ ခါလိုက်သည်။

ထို့နောက် ပျောက်ကျားဘောင်းဘီအိတ်ထဲမှ တွန့်ကြေလိန်ပိန်နေသော စီးကရက်ဘူးကို စားပွဲပေါ် ပစ်တင်လိုက်၏။

“ကဲ..ဘဲကြီး..မသေလို့ ပြန်တွေ့ရတာ..ဝမ်းသာပါတယ်”

မေယုကြေးမုံက စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို သူမ၏ နှုတ်ခမ်းတွေတေ့လိုက်ပြီး အသင့်ပါလာသော မီးခြစ်ဖြင့် မီးညှိ့လိုက်သည်။

“ဘဲကြီးလည်း..သောက်တတ်တယ်မဟုတ်လား..သောက်လေ”

ဗေဒါကမူ ပြောင်းလဲသွားသော မေယုကြေးမုံ ပုံစံကို ငေးနေဆဲ။

“မင်းဘယ်လိုဖြစ်သွားတာလဲ..မေယု”

“မြင်တဲ့ အတိုင်းပဲလေ..ဘဲကြီးရဲ့”

ဗေဒါက သူ့‌ရှေ့ရှိ စီးကရက်ဘူးထဲမှ တစ်လိပ်ကို နှိုက်ယူလိုက်သည်။

မေယုကြေးမုံက မီးခြစ်ကို စားပွဲပေါ်မှ လျောခနဲ ပစ်ပေးလိုက်၏။

“အချိန်တန်တော့လည်း…ဒီအပင်ကနေ ဒီအသီးပဲ သီးရတာမဟုတ်လား..ဘဲကြီးရာ..မေယုကြေးမုံ ဟာ ရိုးရိုးသားသားအသက်မွေးဝမ်းကြောင်းတဲ့ သာမန်မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ဖူးတာပဲ…ဒါပေမယ့်… အဲ့ဒီလိုကြိုးစားမိလို့ ဘာတွေပြန်ရခဲ့လဲဆိုတာ ဘဲကြီးသိတဲ့အတိုင်းပဲ”

“မဟုတ်သေးဘူးလေကွာ”

“ဘာလို့မဟုတ်ရမှာလဲ..ဉီးကြေးမုံနဲ့ ဒေါ်ယုယုမော်တို့ သမီးက..လက်နက်ပွဲစား က လွဲလို့ ဘာများ ဖြစ်လာရဉီးမှာလဲ”

“မေယုရာ”

မေယုကြေးမုံ က ထိုင်ခုံတွင် ကျောမှီရင်း စီးကရက်ကို တရှိုက်ရှိုက်ကာ မီးခိုးများကို မှုတ်ထုတ်လိုက်၏။

“ဘဲကြီးတည်းခဲ့တဲ့ ထမင်းဆိုင်ဟာ အမေ့အတွက် အလုပ်လုပ်‌ပေးနေတဲ့ဆိုင်ပဲ…. အမေနဲ့ မေယုတို့ က အရောင်းအဝယ်ကိစ္စကြီးတစ်ခုနဲ့ ဒီနယ်မြေထဲ ကိုယ်တိုင်ဝင်လာကြတာ…ဘဲကြီးက ဘယ်ကဘယ်လိုရောက်လာမှန်း မသိပဲ..အဖေနဲ့ အမေ ဓာတ်ပုံကို ကြည့်ပြီး မေးလားမြန်းလားဆိုတော့…သံသယဝင်ကြတာပေါ့…..တော်သေးတယ်..ဘဲကြီးပုံစံကို သူတို့က ပြောပြတော့…မေယုစိတ်ထဲ မသင်္ကာဘူး…ဘဲကြီးလို့ပဲ ထင်နေတာ..ဒါနဲ့..ဒီဘက်တကြောကို နည်းနည်းစုံစမ်းကြည့်တော့..ဒီဘက်ကို ပြေးလာတဲ့ လူတစ်ယောက်ကို သတ်ဖို့ ကိုးကန့်သူဌေးတစ်ယောက်က ဒီနယ်မြေက လက်နက်ကိုင်တွေကိုလည်း အကြောင်းကြားထား၊ သူ့လူတွေကိုလည်း လွှတ်ထားတယ်ဆိုတာ သိလိုက်ရတယ်…အဲ့ဒီကတည်းက ဘဲကြီးပဲဆိုတာ မေယုသိလို့..အမေ့ကို ပြောပြထားတာ”

ဗေဒါ ဇာတ်ရည်လည်သွားခဲ့ပြီ။

“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်..မေယု”

“ကိစ္စမရှိပါဘူး..မေယုအပေါ် ဘဲကြီးကျေးဇူးတွေလည်းရှိတာပဲကိုး..ကဲ..အခု ဘဲကြီး ဘာဆက်လုပ်မှာလဲ..မေယု ဘာကူညီရမလဲ”

“ငါ..ထိုင်းဘက်ကို မရရအောင် ထွက်မှဖြစ်မယ်”

“ဒီနေရာက အရင်က မေမေ့အပိုင်ဆိုပေမယ့်….အခုတော့ သိပ်လည်းမလုံခြုံလှဘူး..ဘဲကြီးကို ရရင် ကိုးကန့်သူဌေးက ဘယ်လောက်ပေးမယ်ဆိုပြီး ကြေးထုတ်ထားပြီးသားဆိုတော့ လက်နက်ကိုင်အဖွဲ့တွေက လည်း လိုချင်နေမှာပဲ…. အခုဘုရားသုံးဆူမှာတောင် ဘဲကြီးကိုသတ်ဖို့ လူတွေ စောင့်နေပြီ…ဒီတော့..ဘဲကြီးရွေးစရာက ကော့သောင်း – ရနောင်း လမ်းကြောင်းပဲရှိတော့တယ်..အဲ့ဒီဘက်က အစိုးရတပ်တွေရှိတဲ့ မြို့ပြဆိုတော့…သူတို့ လုပ်ချင်တိုင်းလုပ်မရနိုင်ဘူး”

မေယုကြေးမုံစကားကို ဗေဒါ သေချာစဉ်းစားလိုက်သည်။

“အင်း…အဲ့ဒီလမ်းကြောင်းပဲ ရွေးရတော့မှာပေါ့”

“အဲ့ဒီလမ်းကြောင်းဆို ကော့သောင်းအထိ မေယုပဲ စီစဉ်ပေးနိင်ပါတယ်”

“ကျေးဇူးတင်ပါတယ်..မေယု”

“လာပြန်ပြီ..ဒီကျေးဇူး..ကဲ..ဘဲကြီး..ညကျမှ အေးဆေးစကားပြောကြတာပေါ့..လောလောဆယ်..မေယုလည်း ရေသွားချိုးဉီးမယ်..ကိုမိုးဇက်ရေ…ဒီက အကိုအတွက် အခန်းတွေဘာတွေပြင်ပြီး…ရေမိုးချိုးဖို့ စီစဉ်ပေးလိုက်ပါ”

မေယုကြေးမုံက ဗေဒါကို တချက်ပြုံးပြပြီးနောက် သေနတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ အိမ်အောက်ဖက်သို့ ဆင်းသွား၏။

………………………………………….

တောရိပ်တောင်ရိပ်ကြားမှ သာနေသည့်လ။

ညစာစားပြီးချိန်တွင်တော့ ဗေဒါက ခြံဝန်းထဲ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။

“ဟေ့..ဘဲကြီး”

မေယုကြေးမုံ၏ အသံ။

ကရင်သင်တိုင်းရှည်နှင့်။ လမှုန်မှုန်အလင်းအောက်တွင် သနပ်ခါးပါးကွက်ကြားကလေးက အထင်းသား။

“ထမင်းစားပြီးပြီလား..ဘဲကြီး”

“အင်း.စားပြီးပြီ”

“ဘဲကြီးကို မေယုထင်ထားတာက အခုချိန်လောက်ဆို ဟိုတစ်ယောက်နဲ့ ကလေးတွေဘာတွေရနေပြီထင်တာ”

ဗေဒါ ဘာမှ ပြန်မဖြေ။ ပြုံးသာ ပြုံးနေလိုက်သည်။

“ဒါနဲ့ အဲ့ဒီတစ်ယောက်ရော…”

“သူ မရှိတော့ပါဘူး”

“ဟငျ..သေသှားတာလား..နှမွောစရာလေးဟယျ”

“ဟာ..ဒီဟာမလေးကတော့..သေသွားတာမဟုတ်ဘူးဟေ့…လင်ယူသွားတာ..လင်ယူသွားတာ”

“ခိ..ခိ..ထင်တော့ထင်သား..ဒါကြောင့် ဘဲကြီး အသဲကွဲပြီး..လေလွင့်လာတာကိုး”

အဲ့ဒါ မေယုကြေးမုံပဲဟု ဗေဒါစိတ်ထဲ က မှတ်ချက်ချမိလိုက်တော့သည်။

အမြဲတမ်းပျော်ရွှင်လွတ်လပ်နေသော ကောင်မလေး။

“ဘဲကြီးကြည့်ရတာ မှုန်တေနေလို့..မေယုက စတာပါ….ဘဲကြီးအတွက် မေယုစိတ်မကောင်းပါဘူး”

မေယုကြေးမုံက သစ်တုံးတစ်ခုပေါ်တွင် ထိုင်လိုက်သည်။

ဗေဒါကလည်း သူ့ဘေးနားတွင် ဝင်ထိုင်လိုက်၏။

သူတို့ စကားမဆိုမိကြ။

ည၏ တိတ်ဆိတ်မှုက သူတို့နှင် တသားတည်း။

“ဘဲကြီးက..သူ့ကို အရမ်းချစ်တာပဲလား”

ဗေဒါက ပြန်မဖြေ။

“မေယု…မင်းကိုလည်း ဧရာက ချစ်ခဲ့တာပဲလေ”

“ဘာဆိုင်လို့လဲ”

“ငါ ဧရာနဲ့ တွေ့ခဲ့ရတယ်…သူ..အခု လူကောင်းတစ်ယောက်ဖြစ်နေပြီ…သိမ်ကြီးဈေးထဲက ပွဲရုံတစ်ရုံမှာလုပ်နေလေရဲ့…. မင်းနဲ့ သူနဲ့ ဖြစ်ခဲ့တဲ့အကြောင်းကို သူပြောပြပါတယ်… မင်းကို သူတောင်းပန်ချင်တယ်.. မင်းပေးထားခဲ့တဲ့ ငွေတွေလည်း သူအကုန်သိမ်းထားတယ်တဲ့”

“မေယု့..သူ့အကြောင်း စိတ်မဝင်စားဘူး…ဘဲကြီး”

“ဘာလို စိတ်မဝင်စားရတာလဲ..သူက မင်းကို ချစ်နေတဲ့လူလေ”

“သူဟာသူ ချစ်တာလေ..မေယုက မှ မချစ်ပဲ”

“အဲ့ဒီလိုလည်း မဟုတ်ဘူးလေ”

“သူချစ်တိုင်း မေယုက ချစ်စရာလား..မေယုချစ်ချင်တဲ့သူကို ချစ်မှာပေါ့”

မေယုကြေးမုံက ဗေဒါ၏ မျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

ဗေဒါ ဘာပြန်ပြောရမှန်းမသိတော့။

“ဘဲကြီး..မေယုကို မချစ်ပါဘူး”

မေယုကြေးမုံက ခပ်တိုးတိုးပြောပြီးနောက် အနားမှလှစ်ခနဲ ထသွားသည်။

………………………………………….

“ဖြည်းဖြည်းမောင်းပါဟ”

မေယုကြေးမုံက ကားကို ခပ်ကြမ်းကြမ်းမောင်းနေသဖြင့် ဗေဒါကပင် ပြောယူနေရသည်။

သူတို့ ကော့သောင်းသို့ ဉီးတည်နေခြင်း။

ဒေါ်ယုယုမော်မှာ ရွှေတြိဂံဘက်သို့ ခရီးဆက်ရမည်ဖြစ်သဖြင့် မေယုကြေးမုံက ဗေဒါအား ကော့သောင်းအထိ လိုက်ပို့နေခြင်းဖြစ်သည်။

ဘုရားသုံးဆူလမ်းမှမသွားပဲ တောလမ်းအတိုင်းဖြတ်ထွက်ကာ ရေး – ထားဝယ် – ကော့သောင်း ကားလမ်းမကြီးအတိုင်း ထွက်လာခြင်းပင်။

အရှေ့ကားတွင် မေယုကြေးမုံ၏ လုံခြုံရေးအဖြစ် ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့၏ ကားတစ်စီးရှိနေ၏။

“မြန်မြန်မမောင်းလို့မရဘူး..ဘဲကြီး..ရှေ့ တပ်မဟာ(၄)နယ်မြေထဲရောက်ရင်…ရှေ့က လုံခြုံရေးကားတွေက ဆက်လိုက်လို့မရတေ့ဘူး…နေမဝင်ခင်..ဘိတ်ကို ရောက်မှဖြစ်မယ်…မဟုတ်ရင်..ကျွန်မကားပေါ်က အဖိုးတန်ကြီးကို ဒီနယ်မှာ လူတိုင်းက လိုချင်နေတာ”

“ဘာလဲ..အဖိုးတန်ကြီး”

“ဘာရမှာလဲ…အဖိုးတန်ကြီးဆိုတာ..ရှင်ပေါ့..ဘဲကြီးရဲ့..ကိုးကန့်သူဌေးက ရှင့်ကို ဒေါ်လာ သုံးသောင်း တန်ကြေးထုတ်ထားတာရှင်သိလား…ဒီဘက်က လက်နက်ကိုင်အဖွဲ့တွေက ဒေါ်လာသုံးသောင်းတန်ကြီးကို လိုချင်လို့ လိုက်ဖျောင်တာ အကြောင်းမဟုတ်ဘူး…ကျွန်မပါ ကြားက သေနေမယ်”

“သေမှာကြောက်တယ်ပေါ့လေ”

“ကြောက်တာပေါ့….ကျွန်မက ငယ်သေးတယ်ရှင့်..သူများတွေလို အသဲကွဲလေလွင့်နေတဲ့ ဘိုးတော်မဟုတ်ဘူး..ဟား..ဟား..ဟား”

………………………………………….

မြိတ်သို့ မရောက်မီ ကျောက်ဖြူတောင်လမ်းဆုံဆိုသည့်နေရာသို့ရောက်သည့်အခါ မိုးစုန်းစုန်းချုပ်နေပြီဖြစ်သည်။

ကျောက်ဖြူတောင်လမ်းဆုံမှတဆင့် မြိတ်မြို့ဘက်သို့ မဟုတ်ပဲ…သစ်ပင်အုပ်အုပ်လေးများရှိရာ လမ်းခွဲသို့ ကားကို ချိုးဝင်လိုက်၏။

“ရှေ့မှာ မေယုတို့ ခြံနဲ့အိမ်တစ်လုံးရှိတယ်…မေယုတို့လုပ်ငန်းအတွက် စခန်းထောက်နေရာတစ်ခုပေါ့.အဲ့ဒီမှာ တညအိပ်ပြီး.မနက်မှာ ကော့သောင်းကို ဆက်သွားရမယ်..ဘဲကြီး”

ကားက ခြံကျယ်ကြီးတစ်ခြံထဲသို့ ကွေ့ဝင်သွားသည်။

ခြံထဲတွင်ရှိသော လူတစ်ချို့က မေယုကြေးမုံကို မြင်သည်နှင့် ပြာပြာသလဲ ထွက်ကြိုကြ၏။

“ဘဲကြီး…ကားဒတ်ချ်ဘုတ်ထဲမှာ ပစ္စတိုတစ်လက်ရှိတယ်..ဘဲကြီး ကိုယ်နဲ့မကွာ ဆောင်ထားပါ…လိုရမယ်ရပေါ့”

မေယုကြေးမုံက ပြောပြာဆိုဆိုနှင့် ကားပေါ်မှ ဆင်းသွားသည်။ ဗေဒါက ကားဒတ်ချ်ဘုတ်ကို ဖွင့်ကြည့်လိုက်၏။

ပစ္စတိုတစ်လက်။ ကျည်ဘောက်ထဲတွင် ကျည်အပြည့်နှင့်။

ဗေဒါက သေနတ်ကို ခါးကြားထိုးကာ ဆင်းလိုက်သည်။

မေယုကြေးမုံကတော့ သူ့ရှေ့တွင် ခပ်ရို့ရို့ရပ်နေသော လူတချို့ကို စကားပြောနေ၏။

ဗေဒါက သူတို့နားသို့ လျှောက်သွားလိုက်သည်။

“ဒါက ကျွန်မ မိတ်ဆွေပဲ….သူ့အတွက် အိပ်စရာတစ်ခန်းပြင်ပေးလိုက်ပါ”

“ဟုတ်ကဲ့”

ထိုစဉ် အမျိုးသမီးတစ်ဉီးက လင်ဗန်းတစ်ချပ်နှင့်အတူ ရောက်လာ၏။ လင်ဗန်းထဲတွင် ဘီယာချမ်းနှစ်ဗူး။

မေယုကြေးမုံက ဘီယာချမ်းတစ်ဘူးကို ဗေဒါထံ ပစ်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း တစ်ဘူးမော့သောက်လိုက်၏။

“ဒီည လုံခြုံရေးအတွက်တော့ သူတို့ကို တာဝန်ယူခိုင်းထားတယ်..သေနတ်ကိုတော့ သေချာဆောင်ထားနော်..ဘဲကြီး”

“မေယု..မေယု..အခုတော့လည်း တကယ့်လူဆိုးရင့်မကြီး ကျနေတာပါပဲလားဟ”

ဗေဒါ စကားကြောင့် မေယုက ဟက်ဟက်ပက်ပက်ရယ်လိုက်၏။

“ဘဝဆိုတာ ဒီလိုပါပဲ..ကျရာဇာတ်ရုပ်ပေါ့..အဟက်”

မေယုကြေးမုံက ကုန်သွားပြီဖြစ်သော ဘီယာဘူးခွံကို လက်ဖြင့် ဖျစ်ညှစ်ပြီး အိမ်ထဲသို့ ဝင်သွားသည်။

ထိုညက ညစားစားချိန်တွင်လည်း မေယုကြေးမုံကို မတွေ့ရ။ တညလုံးလည်းပေါ်မလာ။

ဗေဒါက သူ့အတွက် ပြင်ပေးထားသော အခန်းတွင် ဝင်အိပ်နေလိုက်တော့သည်။

………………………………………….

“ဘဲကြီး..သေနတ်ရော..ပါရဲ့လား”

ကားပေါ်တက်လိုက်သည်နှင့် မေယုကြေးမုံ၏ အမေး။

ဗေဒါက သူ့ခါးကြားမှ သေနတ်ကို လှပ်ပြလိုက်သည်။

“မင်း မနေ့က တညလုံး ဘယ်ရောက်နေတာလဲ”

“ဘာဖြစ်လို့မေးတာလဲ”

“ဘာမှမဟုတ်ပါဘူး.ပျောက်နေလို့”

“မေယုကို သတိရနေတာပေါ့”

ဗေဒါက ဘာမှ ပြန်မဖြေ။

မေယုကြေးမုံကလည်း ကားကို ဆက်နှိုးပြီး မောင်းထွက်လိုက်သည်။

“မင်းပုံစံ ကြည့်ရတာ အိပ်ချင်နေသလိုပဲ…ငါမောင်းပေးရမလား”

“ရပါတယ်..ဒီလမ်းကြောတွေက မေယုမောင်းနေကျ”

“ညက အိပ်မပျော်ဘူးလား”

မေယုကြေးမုံက ခေါင်းညိတ်လိုက်သည်။

“ဘဲကြီးက ဒီလိုကျတော့ မေယုကို ဂရုတစိုက်ရှိသားပဲ..ဘာလဲ…မေယု တစ်ခုခုဖြစ်ရင်.ဘဲကြီး ဒီထဲမှာ ရွာလည်နေမှာ မို့လို့လား”

“မင်း ငါ့ကို မစော်ကားနဲ့..မေယု…မင်းကို စိတ်ပူလို့မေးတာ”

မေယုကြေးမုံက ကျေကျေနပ်နပ် ပြုံးလိုက်၏။

နေ့လည်ပိုင်းတွင် လေညာမြစ်အနီးမှ ထမင်းဆိုင်တွင် ထမင်းဝင်စားကြသည်။

ထိုအချိန်တွင် ထမင်းဆိုင်ပိုင်ရှင်က မေယုကြေးမုံကို မျက်ရိပ်ပြလိုက်သည်ကို ဗေဒါ တွေ့လိုက်ရ၏။

ထမင်းဆိုင်ပိုင်ရှင်ရှိရာသို့ မေယုကြေးမုံက ထသွားသည်။

မေယုကြေးမုံမျက်နှာက တစ်စုံတစ်ခုကို စိုးရိမ်နေသည့်ဟန်ဖြင့် ဗေဒါ့အနားသို့ ရောက်လာ၏။

“ဘဲကြီး…မေယုတစ်ခုပြောမယ်….ရှေ့က လေညာမြစ်တံတားကိုကျော်ပြီးရင် ဘဲကြီးကို ရှော့ဖို့ ပြည်သူ့စစ်အဖွဲ့ တစ်ခုက အသင့်စောင့်နေတယ်….ဘဲကြီးကော့သောင်းဆင်းမယ့် သတင်းကို သူတို့ရသွားကြပြီ”

“ဘယ်လိုလုပ်ကြမလဲ”

“ဒီမှာလည်း ကြာကြာနေလို့မဖြစ်ဘူး..ဒါက သူတို့နယ်မြေ…သူတို့ကိုမျက်လှည့်ပြမှတော့ဖြစ်မယ်….သိပ်လည်း စိတ်မပူပါနဲ့..ဒီဆိုင်ကလည်း မေယုတို့ လူပါပဲ..သူစီစဉ်ပေးပါလိမ့်မယ်”

“ဟ..ထမင်းဆိုင်တွေအကုန်လုံးက..မင်းတို့လူတွေချည်းပါလား…မင်းတို့ ဂိုဏ်းက လက်နက်ရောင်းတာလား ထမင်းရောင်းလား”

“စောက်ခွက်မပြောင်နဲ့..ဘဲကြီး…ခင်ဗျား သေရေးရှင်ရေးကိစ္စနော်”

ခဏအကြာတွင် ထမင်းဆိုင်ပိုင်ရှင် က မေယုကို လှမ်းခေါ်ပြန်သည်။

မေယုက ဆိုင်ပိုင်ရှင်နှင့် စကားအတန်ငယ်ပြောပြီးနောက်..ဗေဒါအနားပြန်ရောက်လာ၏။

“ခဏနေရင် ဆိုင်ကယ်နဲ့လူတစ်ယောက်လာလိမ့်မယ်..သူနဲ့အတူ ဘဲကြီးက တောလမ်းကနေဖြတ်ပြီး ရွာတစ်ရွာကိုသွားရလိမ့်မယ်..ကားလမ်းဘေးကရွာပါပဲ..အဲ့ဒီရွာဆို သူတို့နယ်မြေမဟုတ်တော့ဘူး”

“မေယုက‌ရော”

“မေယုက အဲ့ဒီပြည်သူ့စစ်တွေ ရှိတဲ့ နေရာကို ဒီကားနဲ့ပဲဖြတ်မယ်…ဒီက လူတစ်ယောက်ခေါ်တင်သွားမယ်… သူတို့စိတ်ထဲ သတင်းမှားရထားတာလို့ တွေးမိသွားအောင်ပေါ့”

“ဖြစ်ပါ့မလား..မေယု”

“ဖြစ်ပါတယ်..ဘဲကြီးရဲ့…မေယုကြေးမုံလေ”

ဗေဒါက မေယုကြေးမုံ၏ လက်ကလေးကို ရုတ်တရတ်ဆုပ်ကိုင်လိုက်၏။

“မင်း ငါ့အပေါ် ဒီလောက်ကောင်းလိမ့်မယ်လို့..ငါမမျှော်လင့်ထားခဲ့ဘူး.‌..မေယု”

မေယုကြေးမုံက လက်ကို ချက်ချင်း ပြန်ရုတ်လိုက်သည်။

“ကဲ..မေယုသွားနှင့်မယ်…ခဏနေ ဆိုင်ကယ်သမားရောက်လာလိမ့်မယ်..သေနတ်ကိုတော့ ကိုယ်နဲ့ မကွာဆောင်ထားနော်”

………………………………………….

ဖင်ထိုင်ခုံ၊ လက်ကိုင်ရိုးနှင့် ဘီးသာ ပါသော ဘုရားစူးဆိုင်ကယ်။

ထိုဆိုင်ကယ်ရှေ့တွင် မောင်းနေသူက လုပ်သေနတ်တစ်လက်ကို လွယ်ထားသည်။

သူ့နောက်တွင် ထိုင်နေသော ဗေဒါက ခါးကြားမှ ပစ္စတိုသေနတ်ကို မကြာခဏစမ်းကြည့်နေ၏။

ဆိုင်ကယ်မောင်းသူမှာ ဗမာစကားမတက်။ ကရင်စကားဖြင့်သာ ပြောနေသည်။

သူပြောသည်ကို ဗေဒါလည်းနားမလည်၊ ဗေဒါပြောသည်ကို သူလည်းနားမလည်။

တောလမ်းကလည်း အတော်ပင် ကြမ်းတမ်းသည်။

အချို့နေရာများတွင် ဗေဒါရော ဆိုင်ကယ်သမားပါဆင်းပြီး ဆိုင်ကယ်ကို တွန်းယူကြရ၏။

သုံးနာရီခန့်သွားသောအခါ ရွာတစ်ရွာ၏ အစပ်သို့ ရောက်လာသည်။

ရွာထိပ်ကားလမ်းဘက်သို့ ရောက်သည်နှင့် မေယုကြေးမုံ၏ ကားကို တွေ့လိုက်ရ၏။

“ဘယ်လိုလဲ..အတော်လေးမှ အီဆိမ့်ရဲ့လား..ဘဲကြီး”

မေယုကြေးမုံက ပြုံးပြရင်းဆိုသည်။

“ငါက မင်းကို စိတ်ပူနေတာ…ဟိုကောင်တွေနဲ့ ရှောရှောရှူရှူပဲလား”

“ထင်တဲ့အတိုင်းပဲလေ…လမ်းမှာ ကားကို ဖြတ်တားတာပဲ..ရပ်ပေးလိုက်တော့…ဓာတ်ပုံတစ်ပုံကိုင်ပြီး ရှာကြတော့တာပဲ…ပြီးတော့ မေယုကိုလည်း အဲ့ဒီဓာတ်ပုံပြပြီး မေးသေးတယ်..သူ့ကို တွေ့ဖူးလားတဲ့”

“ငါ့ဓာတ်ပုံလား”

“ဒါပေါ့..ဘီးကြဲရဲ့”

“မေယုကို စစ်လားဆေးလားလုပ်ချင်ကြသေးတာ..ဗိုလ်ငန်းနက်မြေးဆိုတာ ဒီကဆရာကြီး ပြောပြလိုက်မှ သွားခိုင်းလိုက်တာ..ကဲ..ကားပေါ်တက်”

မေယုကြေးမုံက သူ့ဘေးတွင်ပါလာသော ကရင်အဘိုးအိုကို လက်ညှိးထိုးပြလိုက်၏။

ထို့နောက် မေယုကြေးမုံက ဆိုင်ကယ်သမားအား ပိုက်ဆံအချို့ထုတ်ပေးလိုက်သည်။

ကရင်အဘိုးအိုလည်း ဆိုင်ကယ်သမားနှင့်အတူ ပြန်ပါသွား၏။

ကားကို မေယုကြေးမုံကပင် ဆက်မောင်းလာသည်။

“ဗိုလ်ငန်းနက်ဆိုတာက”

“မေယု အဘိုးလေ”

“သူက ဘာလဲ”

“ဒီနယ်မြေမှာတော့ တချိန်က မသိသူမရှိတဲ့ သူပုန်ခေါင်းဆောင်ပေါ့….ရယ်တော့ရယ်ရတယ်..အခု မေယုကို တားစစ်တဲ့ ပြည်သူ့စစ်အဖွဲ့ဆိုတာလည်း တချိန်က မေယုအဘိုးရဲ့ တပည့်တစ်ယောက်ထူထောင်ခဲ့တာပါ”

“ဒါနဲ့များ…..ငါ့ကို ဆိုင်ကယ်နဲ့ ပတ်သွားခိုင်းရတယ်လို့..မင်းအဖိုးနာမည်ပြောလိုက်ပြီးနေတာကိုး”

“ဒါက ရှင်တို့နေခဲ့တဲ့ ရန်ကုန်လို မဟုတ်ဘူး…ဘဲကြီးရဲ့…ဒီနေရာက အကုန်လုံးက လက်ထဲမှာ သေနတ်ကိုင်ထားတဲ့ စစ်ဘုရင်တွေချည်းတွေ…. မေယုကားပေါ် ရှင်ပါလာလို့ကတော့….မေယုကို လွှတ်ပေးချင် လွှတ်ပေးမယ်……ရှင်ကတော့ ဒီနယ်မြေမှာ ဗိုလ်ငန်းနက်မြေးမှမဟုတ်တာ.. ဒေါ်လာသုံးသောင်းတန်ကြီးပဲဟာကို… ငွေနဲ့ပတ်သက်လာရင် ဒီနယ်မြေမှာ ဘယ်သူမှ အထာမရှိဘူး..ဘဲကြီး”

“ဒါပေမယ့်..ဗိုလ်ငန်းနက်မြေးရဲ့ မိတ်ဆွေလေကွာ”

“မိတ်ဆွေလောက်ဆိုရင်လည်း…သူတို့က ဆောရီး..ငါ့နှမဆိုပြီး ရှင့်ကိုပဲ ရွေးသတ်ပေးသွားမှာ..သေချာတယ်..ဘဲကြီးရဲ့”

သူတို့ စကားကောင်းနေစဉ် အနောက်ဖက်မှ ဆိုင်ကယ်အုပ်စုကို နောက်ကြည့်မှန်မှ တဆင့် ဗေဒါ သတိထားမိလိုက်သည်။

“အနောက်မှာ ဆိုင်ကယ်တွေ ပါလာတယ်..မေယု”

မေယုက နောက်ကြည့်မှန်မှ သေချာကြည့်လိုက်သည်။

“အဲ့ဒါ..သူတို့ပဲ..သတင်းရသွားကြပြီထင်တယ်”

မေယုက ကားကို အရှိန်တင်မောင်းသည်။

အနောက်မှ ဆိုင်ကယ်များကလည်း ခပ်ကြမ်းကြမ်းလိုက်လာ၏။

“ဒိုင်း”

“ပစ်ပြီဟ”

ဗေဒါက ခေါင်းငုံ့ရှောင်လိုက်သည်။

ကျည်ဆံက ကားဘေးမှ ဝှီခနဲ။

“ဒိုင်း”

နောက်တစ်ချက်။ ကားဘက်မှန် ဖွာခနဲ ကွဲထွက်သွား၏။

“ဘဲကြီး…ပြန်ပစ်မှဖြစ်မယ်..ရှေ့ဆိုရင် စစ်ဆေးရုံရှိတဲ့မြို့ရောက်ပြီ..အဲ့ဒီအထိ သူတို့ မလိုက်လာရဲဘူး”

ဗေဒါက ပစ္စတိုကို မောင်းဆွဲလိုက်ပြီး…ကားပြတင်းမှ ထွက်လိုက်သည်။

“ဒိုင်း”

“ဒိုင်း”

တဖက်မှလည်း ဖိပစ်၏။

ဗေဒါက ခေါင်းကိုငုံ့ကာ လက်ကို ပြတင်းအပြင်ထုတ်ပြီး ပစ်လိုက်သည်။

ထိချင်ရာထိ။

“ဒိုင်း..ဒိုင်း”

ဗေဒါ ပြန်ပစ်ခါမှ တစ်ဖက်က အတွဲလိုက်ပစ်တော့၏။

ဗေဒါတို့စီးလာသည့် ပါဂျဲရိုကား၏ နောက်မှန်မှာ ခွမ်းခနဲ ကွဲထွက်သွားသည်။

မေယုကြေးမုံကလည်း ကားကို အရှိန်မရှော့ပဲ ခပ်ပြင်းပြင်းမောင်း၏။

ရှေ့တွင် ခရီးသည်တင်မှန်လုံးကားတစ်စီးလာနေချိန်မှ အနောက်မှ ဆိုင်ကယ်များက အရှိန်ရှော့သွားကြသည်။

ဗေဒါက သေနတ်ကို ကိုင်ကာ ခေါင်းပြူကြည့်လိုက်၏။

နောက်မှ ဆိုင်ကယ်များ ဆက်လိုက်မလာတော့။

“ဟူး..သူတို့ လိုက်မလာကြတော့ဘူး..တော်သေးတယ်”

ဗေဒါက ဝမ်းသာအားရဖြင့်။

“မေယုကို ထိထားတယ်..ဘဲကြီး”

ထိုအခါမှ ဗေဒါ သတိထားမိလိုက်သည်။

မေယုကြေးမုံ၏ ကာမောင်းနေသော လက်မောင်းပေါ်တွင် ရွှဲနစ်နေသော သွေးများ။

ခက်ဇော်

အခန်း ၃၅ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>