မြိတ်တွင် ပိုင်ရှင်မဲ့အလောင်း နှစ်ရက်ဆက်တိုက်တွေ့

0
2218

မြိတ်မြို့တွင် မည်သူမည်ဝါမှန်းမသိဘဲ သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့ကို ဧပြီလ ၁ရက်နှင့် ၂ ရက်တို့တွက် နှစ်ရက်ဆက်တိုက်တွေ့ရှိကြောင်း မြိတ်အခြေစိုက်ပရဟိတအသင်းအချို့ထံမှ သိရသည်။

မြိတ်တောင်နယ်မြေ ထားဝယ်ကမ်းရပ်ကွက် အောင်ချမ်းသာ (၁) လမ်းတွင် ဧပြီလ ၁ ရက်နေ့ ည ၁ဝနာရီခန့်က သေဆုံးနေသည့် အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးအား တွေ့ရှိကြောင်း ယင်းရပ်ကွက်နေသူတို့က ပြောသည်။

ထို့အပြင် ယနေ့ မွန်းလွဲ ၁နာရီခန့်တွင်လည်း ကွက်သစ်ရပ်ကွက် ကမ်းနားလမ်းရှိ သစ်ယာဝလှေဆိပ်၌ သေဆုံးနေသည့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား ထပ်မံတွေ့ရှိကြောင်း တပ်ပြင်ရပ် နာရေးဝန်ဆောင်မှုအဖွဲ့ထံမှ သိရသည်။

“လှေဆိပ်က နားနေဆောင်မှာ သေနေတာ။ ဂျိုင်းထောက်နဲ့ဆိုတော့ မသန်စွမ်းတဲ့ ဦးလေးတစ်ယောက်ပါ” ဟု သစ်ယာဝလှေဆိပ်ရှိ သုံးဘီးအငှားယာဉ်မောင်းနင်သူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့အား ပရဟိတအသင်းအချို့ စစ်ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ပြီးနောက် ကလွင်ဘာသာစုံသုသာန်တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြကြောင်း ယင်းအသင်းတို့ထံမှ သိရသည်။

မြိတ်မြို့တွင် ကိုဗစ်ကပ်ဘေးဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်မှစပြီး လက်ရှိအချိန်အထိ ပိုင်ရှင်မဲ့ရုပ်အလောင်းများ မကြာခဏ တွေ့ရှိလာရကြောင်း ပရဟိတအသင်းအချို့ထံမှ သိရသည်။

ယင်းသို့ သေဆုံးသူအများစုမှာ သက်ကြီးပိုင်းများဖြစ်ကြပြီး အိမ်ခြေယာမဲ့အဖြစ် အဝေးပြေးကားဝင်း၊ လမ်းနံဘေးရှိ နားနေဆောင်တို့ လှည့်လည် နေထိုင်လေ့ရှိကြကြောင်း မြို့ခံတို့ထံမှ သိရသည်။