ရေးတွင် ပစ်ခတ်တိုက်မှုအတွင်း အရပ်သားနှစ်ဦး ကျည်ထိမှန်

0
2300

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်း ဘေးလမိုင်းနှင့် အေးသာယာကျေးရွာအကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သား နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ရေး-သံဖြူဇရပ်ကားလမ်းတွင် စစ်ကောင်စီတပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်ကားနောက်က လိုက်ပါလာသည့် အိမ်စီးကားတစ်စီးတွင် ကျည်ထိမှန်ကာ အရပ်သားနှစ်ဦး ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ဆေးခန်းပြရန်သွားသည့် မိသားစုဝင် သုံးဦးလိုက်ပါလာသည့် အဆိုပါအိမ်စီးကားမှာ လမ်းတွင် စစ်ကောင်စီတပ်ကားကို တွေ့ခြင်းဖြစ်ပြီး ကျော်ဖြတ်မောင်းနှင်ရန်ပြင်ဆင်နေချိန် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း လမိုင်းဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ကားပေါ်လိုက်ပါလာသည့် အသက် ၄၈ နှစ်အရွယ် ဦးမောင်ဝနှင့် ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ကွမ်းဟလယ်တို့ နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိကြောင်း ၎င်းက ဆိုသည်။

“ပစ်ခံရတဲ့ကားက လမိုင်းကပဲ။ လင်မယား နှစ်ယောက်နဲ့ သူတို့သား သုံးယောက်ပေါ့။ မော်လမြိုင်မှာ ဆေးခန်းပြဖို့ အသွားမှာ ပစ်ခံထိသွားတယ်။ ကလေးတော့ မထိဘူး။ လင်မယား နှစ်ယောက်ပဲ ထိသွားတယ်” ဟု လမိုင်းဒေသခံက ပြောဆိုသည်။

ဦးမောင်ဝတွင် နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်နှင့် ဒေါ်ကွမ်းဟလယ်တွင် ခြေထောက် ကျည်ထိမှန်ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ နှစ်ဦးကို လူမှုကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် လမိုင်းဆေးရုံ ထိုမှတစ်ဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတို့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသလို နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေနေလည်း မသိရသေးပေ။

ရေး-သံဖြူဇရပ်ကားလမ်း အထူးသဖြင့် ယခု ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။