မြိတ်-ကော့သောင်းလမ်းတွင် ခရီးသည်တင်ကား အပစ်ခံရပြီး ကလေးတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံး

0
2511

 ရန်ကုန်မှကော့သောင်းဘက်သို့သွားသည့် မြတ်မန္တလာခရီးသည်တင်ကား တနင်္သာရီမြို့အထွက် ဆင်ခြေဖုံးအုပ်စု၊လယ်တောင်ရွာနှင့်တမုတ်ချုံးရွာအကြားတွင် ပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် ကားသမားအချို့ထံမှသိရသည်။

ဧပြီ ၁ ရက် ည ၈ နာရီဝန်းကျင်က ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါးနှင့်အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံနှင့်ကားသမားတို့ကပြောသည်။

“ချောင်းဇောက် ရော်ဘာတောအနီး အပစ်ခံရတယ်။ အမျိုးသမီးကြီးတစ်ဦးနဲ့ ကလေးတစ်ယောက်သေတယ်လို့ ကြားရတယ်”ဟု မြိတ်-ကော့သောင်း ကားသမားတစ်ဦးကပြောသည်။

သေဆုံးသူနှစ်ဦးမှာ ကော့သောင်းနှင့်ကျွန်းစုမြို့နယ်ဘက်မှ ဒေသခံများဖြစ်ကြသည်ဟု ကြားရကြောင်း ဒေသခံများကပြောသည်။

မြတ်မန္တလာထွန်း ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိသည်ဟု ကနဦးကြားရသော်လည်း မြိတ်ကားဝင်းမှ ထွက်သွားသည့်ကားမဟုတ်သဖြင့် တိတိကျကျမသိရှိရသေးဟု မြိတ်အဝေးပြေးကားဝင်းမှ တာဝန်ရှိသူကဆိုသည်။

ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မြတ်မန္တလာထွန်း ယာဥ်လိုင်းအား  ဆက်သွယ်မေးမြန်း၍ မရသေးပေ။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင်း ပစ်ခတ်ခဲ့သည်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါ။

မြိတ်-မောတောင်လမ်းပိုင်းတွင် ယခုရက်ပိုင်း တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ထုတ်ပြန် ကြေညာထားသည်။

စစ်ကောင်စီတပ်မှ ကားများဆင်းလာမည်ဟု သတင်းရထားသဖြင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ စောင့်ဆိုင်းနေစဥ် အဆိုပါခရီးသည်တင်ကားမှာ ရောက်ရှိလာပြီး ရပ်နားရန် သတိပေးပစ်ခတ်စဥ် ဆက်လက်မောင်းပြေးသဖြင့် စစ်ကောင်စီတပ်များ အသွင်ယူလိုက်ပါလာသည်ဟု ယူဆကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ညနေတွင် ထုတ်ပြန်သည်။

ယင်းအချိန်သည်လည်းပုံမှန်လာနေကျ ခရီးသည်ကားလာသည့်အချိန်မဟုတ်သည့်အတွက် မှားယွင်းပစ်ခတ်မိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မှားယွင်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ခရီးသည်ငါးဦးခန့် ထိခိုက်ဒဏ်ရာရသွားခြင်းအတွက်လည်း ကျန်ရစ်သည့် မိသားစုများအား စိတ်နှလုံးညှိုးငယ်စွါ အနူးအညွတ်တောင်းပန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။