ကိုကိုးကျွန်းတွင် တရုတ်ထောက်လှမ်းရေး စခန်းရှိနိုင်ကြောင်း သံသယဖြစ်ဖွယ် ဂြိုလ်တုဓာတ်ပုံများ ထွက်ပေါ်

0
2408

မကြာသေးမီက ရရှိထားသည့် မြန်မာနိုင်ငံ ကိုကိုးကျွန်းစုနှင့် သက်ဆိုင်နေသော ဂြိုလ်တုဓာတ်ပုံများအရ တရုတ်ထောက်လှမ်းရေး အခြေစိုက်စခန်း ဖြစ်ဖွယ်ရှိသောပုံရိပ်များကို တွေ့ရှိရကြောင်း အိန္ဒိယအခြေစိုက် သတင်းဌာနများက တင်ပြခဲ့ကြသည်။

ယခုနှစ် ဇန်နဝါရီလတွင် မက်ဆာ နည်းပညာ ကုမ္ပဏီမှ ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများအရ ကိုကိုးကျွန်းဒေသတွင်း တည်ဆောက်မှုအသစ်များအဖြစ်  အလယ်ဗဟိုတွင် မကြာသေးမီက တည်ဆောက်ထားသော သိုလှောင်ရုံနှစ်ခု ၊ မြောက်ဘက်ရှိ အဆောက်အအုံ အသစ်အချို့နှင့် ကြီးမားသော ဆိပ်ခံတံတားတစ်ခု တို့နှင့်အတူ ရေတပ်ရေးရာ လှုပ်ရှားမှုများကို အရှိန်မြှင့်နိုင်သည့် ဆိပ်ခံတံတားကြီးတစ်ခု စသည်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာ့မြေ ပိုင်နက် ၊ ကိုကိုးကျွန်းစုကို တရုတ်အစိုးရက စစ်ရေးအရ ဗျူဟာမြောက်ကျွန်းအဖြစ် ကြိုးကိုင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံက ကာလကြာရှည်စွာ သံသယဝင်နေလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ကိုကိုးကျွန်းစုသည် မဟာဗျူဟာကျကျ တည်ရှိနေသည့် ကပ္ပလီကျွန်းနှင့် နီကိုဘားကျွန်းများ၏ မြောက်ဘက် ၅၅ ကီလိုမီတာအကွာ ၊ ဘင်္ဂလားပင်လယ်အော်တွင်း တည်ရှိသည်။

ယင်းကျွန်းစုတွင် ကိုကိုးကြီးကျွန်း၊ မင်္ဂလာကျွန်း၊ ကိုကိုးလေးကျွန်း၊ ဂျယ်ရီကျွန်း၊ စားပွဲကျွန်း၊ ရတ်ကျွန်းတို့အပါအဝင် ကျွန်းပေါင်း ၁၂ ကျွန်းရှိသည်။

မြန်မာအစိုးရသည် ယင်းသို့သီးခြားတည်ရှိနေသော ကိုကိုးကျွန်းစုအတွင်း အကြီးဆုံးဖြစ်သည့် ကိုကိုးကျွန်းကြီးပေါ်မှ ရေကြောင်း စောင့်ကြည့်ရေး လုပ်ငန်းများ မကြာမီ လုပ်ဆောင်ရန် ရည်မှန်းထားဖွယ် ရှိကြောင်း အဆိုပါ ဓာတ်ပုံများက ဖော်ပြနေသည်။

ရှေးယခင်က အိန္ဒိယပိုင်ဖြစ်ခဲ့ဖူးသော်လည်း ကိုကိုးကျွန်းစုကို ဗြိတိသျှကိုလိုနီလက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်တွင် တပါတည်း အသိအမှတ်ပြု လွှဲပြောင်းပေးခဲ့သည်။

၁၉၅၉ ခုနှစ် ၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်က ကိုကိုးကျွန်းကြီးတွင် တစ်ကျွန်းအဖြစ် ထူထောင်ကာ နိုင်ငံရေး အကျဉ်းသားများကို ပို့ဆောင်ခဲ့သည်။

၁၉၇၁ ခုနှစ် နိုင်ငံရေး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက် ရန်ကုန်အင်းစိန် ထောင်သို့ ရွှေ့ပြောင်းပေးလိုက်ပြီး ကျွန်းထောင်ကို ပိတ်လိုက်တော့သည်။ ထို့နောက် ရေတပ်၏ ကွပ်ကဲမှုအောက်တွင် ရှိနေခဲ့သော ကိုကိုးကျွန်းပေါ်သို့ အများပြည်သူ သွားလာခွင့်ကို ကန့်သတ်ခဲ့သည်။

ကိုကိုးကျွန်းစုသည် မကြာသေးမီကပင် ဒေသတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကြောင့် အနီးပတ်ဝန်းကျင်ဒေသများအတွက် သံသယများကို ဖြစ်ပေါ်စေခဲ့သည်။

ထို့အပြင် ကိုကိုးကျွန်းစုပေါ် လေတပ်ပိုင် လေယာဉ်ပြေးလမ်း၏ အရှည်သည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က မီတာ ၁၃၀၀ မျှသာ ရှိခဲ့သော်လည်း ယခုအခါ မီတာ ၂၃၀၀ အထိ ထူးထူးခြားခြား တိုးလာခဲ့သည် ကိုပါ တွေ့မြင်ရသည်။

 အဆိုပါတွေ့ရှိမှုကို လန်ဒန်အခြေစိုက် လွတ်လပ်သော မူဝါဒရေးရာအဖွဲ့အစည်း Chatham House မှ ဦးစွာဖော်ထုတ်ရေးသားခဲ့သည်။

Reference

●       India Today

●       WION