တနင်္သာရီရေးရာ တစ်ပတ်တာ

0
2144

မတ်လ ‌၂၇ ရက်ကနေ ၃၁ ရက်နေ့အထိ

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို စုစည်းဖော်ပြမယ့် တနင်္သာရီရေးရာ တစ်ပတ်တာကို အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ မတ်လ ၂၆ ရက်နေ့မှ ဧပြီ ၁ ရက်နေ့အတွင်း တနင်္သာရီတိုင်းတွင် ဖြစ်ပွားခဲ့သော သတင်းများကို တင်ဆက်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သား သတင်းတွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ထားဝယ်တိုင်းရင်းသားများပါတီကို စစ်ကောင်စီဖျက်သိမ်း

NLD ပါတီနဲ့ ထားဝယ်တိုင်းရင်းသားများပါတီ အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကန့်သတ်ချက်များစွာပါတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်ကောင်စီက ပြီးခဲ့တဲ့ဇန်နဝါရီလက ပြဋ္ဌာန်းထားတာပါ။

ဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်ပြီးမှတ်ပုံမတင်ရင် အလိုလိုဖျက်သိမ်းခံရမယ်လို့ ဖော်ပြထားပါတယ်။

ထားဝယ်တိုင်းရင်းသားများပါတီကို ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

……………………………………

စစ်အသုံးစရိတ် တစ်ဝက်ကျော်ထောက်ပံ့ပေးနေတဲ့ PTT ကုမ္ပဏီကို သပိတ်မှောက်ဖို့ တိုက်တွန်း

ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက စစ်ကောင်စီရဲ့ တစ်နှစ်စာ စစ်အသုံးစရိတ် တစ်ဝက်ကျော်ကို ထောက်ပံ့ပေးနေတယ်လို့ဆိုပါတယ်။

ဒါကြောင့်မို့ PTT ကို ဆက်ပြီးဖိအားပေး ဆန့်ကျင်သွားမယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က မတ်လ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောဆိုခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ MOGE နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီနဲ့ PTTEP ရေနံကုမ္ပဏီတွေကို မြန်မာပြည်တွင်းသာမက ထိုင်းရောက် မြန်မာနိုင်ငံသားတွေကပါ ဆန့်ကျင်သပိတ်မှောက်သွားမယ်လို့ ဆိုပါတယ်။

PTT ကုမ္ပဏီဟာ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက် ၃ ခုမှာ အဓိကရင်းနှီးမြုပ်နှံသူအဖြစ် ရှိနေတာပါ။

……………………………………

မောတောင်သွားတဲ့လမ်းမှာ တိုက်ပွဲပြင်းထန်

အဲဒီလမ်းမှာရှိတဲ့ သိန်ခွန်းကျေးရွာအုပ်စု ချောင်းနှစ်ပေါက်ရွာနားမှာ တိုက်ပွဲဖြစ်နေတာပါ။

နောက်တစ်ရက်အထိ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီးလက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်နေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်‌တွေက ပြန်ဆုတ်‌သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထိခိုက်‌ သေဆုံးတာရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ကလည်း တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၁၉ ရက်နေ့ကလည်း ချောင်းနှစ်ပေါက်ရွာတံတားနားက တိုးဂိတ်ကို ကော်သူးလေတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

……………………………………

ပုလောကုန်းရွာမှာ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တိုက်

ပုလောမြို့နယ် ပုလောကုန်းရွာကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပူလယက္ခညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၄ ရက်နဲ့ ၂၅ ရက်‌နေ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ပျူစောထီးတစ်ဦးနဲ့ စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် အရပ်သားနှစ်ဦးလည်း ပစ်သတ်ခံလိုက်ရပါတယ်။

ပုလောကုန်းကျေးရွာအုပ်စုက အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ နတ်အိမ်တောင်ရွာက ရွာသားတစ်ဦးတို့ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

မတ်လ ၂၄ ရက်နေ့ကလည်း နန်းတောင်ကျေးရွာအုပ်စုနဲ့ ပုလောကုန်းကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာပြီး လမ်းတစ်လျှောက်ရှိ ရော်ဘာခြံတွေနဲ့ ဒူးရင်းခြံ‌တွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ရော်ဘာခြံနဲ့ ဒူးရင်းခြံ အနည်းဆုံး ဧက ၅၀ လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အနီးအနားကျေးရွာ‌တွေကို လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်လို့ ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါရွာ အပါအဝင် ကျေးရွာ ၆ ရွာက ပြည်သူတွေ ထွက်ပြေးခဲ့ရပါတယ်။

……………………………………

စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်

ပုလောမြို့မရဲစခန်းနဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁ တံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၉ ရက်ညနေက ဒရုန်းနဲ့ကြဲချခဲ့တာဖြစ်ပြီး ဗုံးကစစ်ဆေးရေးဂိတ် ဘန်ကာထဲကျသွားလို့ စစ်ကောင်စီတပ် အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယတစ်လုံးကတော့ ရဲစခန်းအရှေ့မှာရပ်ထားတဲ့ ကားနှစ်စီးအကြား ကျရောက်ခဲ့ပေမယ့် ဗုံးက မပေါက်ကွဲခဲ့ဘူးလို့ ဆိုပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခြင်းခံရပြီး နောက်တစ်ရက်မှာတော့ စစ်ကောင်စီတပ်က ပုလောမြို့နားက မင်းထိန်ရွာနဲ့ သင်္ကန်းတောရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် မင်းထိန်ရွာက အမျိုးသမီးတစ်ဦးနဲ့ တစ်နှစ်ခွဲအရွယ် သားဖြစ်သူတို့ ဒဏ်ရာရသွားခဲ့ပါတယ်။

……………………………………

ရေဖြူရဲစခန်းနဲ့ နတလရုံး အတိုက်ခံရ

မတ်လ ၂၄ ရက် ညသန်းခေါင်အချိန်က  ရေဖြူမြို့မရဲစခန်းနဲ့ နတလရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုမျိုး လာရောက်တိုက်ခိုက်ချိန် နတလရုံးထဲ ဝန်ထမ်းအချို့ရှိပေမယ့် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ နတလရုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ရဲစခန်းမှာ‌‌တော့ ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။

နတလရုံးနားက နေအိမ်အချို့ လက်နက်ကြီးစ‌ထိမှန်ခဲ့ပြီး အသက် ၉၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦး လက်မောင်းမှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၁၅ ရက်‌နေ့ကလည်း ရေဖြူမြို့ရှိ လဝကရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တစ်ခုက မီးရှို့ခဲ့ဖူးပါတယ်။

ဒီလိုမျိုး ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့ ရေဖြူမြို့ပေါ်မှာ စစ်ကောင်စီက တပ်အင်အားတိုးမြှင့်ချထားပြီး တပ်စွဲထားပါတယ်။

ရေဖြူမြို့ အထက်‌တန်းကျောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးလောက်နဲ့ တပ်စွဲထားရာက မတ်လ ၂၉ ရက်နေ့မှာ တပ်အပြောင်းအလဲလုပ်ပြီး အင်အားဆယ်ချီ တိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရပ်တော်မူဘုရာကုန်းမှာလည်း အင်အားဆယ်ချီ နဲ့ တပ်စွဲလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တပ်လာစွဲတဲ့နေ့ကလည်း သ‌‌ဗြေဇွန်းရွာဖက်သွားတဲ့ လမ်းကြောင်းတစ်လျှောက် မိုင်းရှာတာနဲ့ လူမရှိတဲ့အိမ်တွေကို ဝင်ရှာတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

……………………………………

စစ်ဘေးရှောင် ထောက်ပံ့ရေးကားကို စစ်ကောင်စီဖမ်းဆီး

ထားဝယ်အရှေ့တောဒေသက စစ်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့မယ့် စားနပ်ရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းတွေ တင်လာတဲ့ကားကို ပကာရီရဲကင်းစခန်း စစ်ဆေးရေးဂိတ်က မတ်လ ၂၈ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီကားပေါ်မှာ စားနပ်ရိက္ခာတွေ၊ အိုးခွက်တွေ၊ ဖျာနဲ့ အမိုးအကာ စတဲ့ ပစ္စည်းတွေတင်ဆောင်လာတာလို့ ဆိုပါတယ်။

ဒီလိုသယ်လာလို့ PDF တွေနဲ့ ဆက်စပ်နိုင်တယ်လို့ စွပ်စွဲပြီး  ထောက်ပံ့ရေးပစ္စည်းတွေနဲ့ကားကို သိမ်းဆည်းထားပြီး ကားသမားသားအဖကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပစ္စည်းတွေကို NGO တစ်ခုက စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အရင်ကလည်း ထားဝယ်အရှေ့တောနယ်ထဲ ဝကုန်းရွာက စစ်ဘေးသင့်ပြည်သူတွေ၊ နေအိမ်မီးရှို့ခံရသူတွေနဲ့ နေအိမ်ဖျက်ဆီးခံရတဲ့ ပြည်သူတွေကို တစ်ကြိမ်ထောက်ပံ့ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ကားပေါ်ပါပစ္စည်းတွေကို မတ်လ ၃၀ ရက် ညနေအထိ ပကာရီရဲကင်းစခန်းရှေ့ လမ်းဘေးမှာ စုပုံထားဆဲဖြစ်ပြီး ကားသမားပြန်လွတ်တဲ့သတင်းလည်း မကြားရသေးဘူးလို့ ဆိုပါတယ်။

……………………………………

ထားဝယ်တက္ကသိုလ်ကျောင်းသား ၂ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီချ

ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားနှစ်ဦးကို စစ်ကောင်စီတရားရုံးက မတ်လ ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။

ကိုမျိုးမင်းဦးနဲ့ ကိုအောင်ဝေယံထွန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထားဝယ်ခရိုင်တရားရုံးက အမိန့်ချခဲ့တာပါ။

အသက်၂၂ နှစ်အရွယ် ကိုမျိုးမင်းဦးဟာ ၂၀၂၁ ခုနှစ်က ပထမအကြိမ် အဖမ်းခံရပြီး ထောင်‌ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အမိန့်ချပြီး ခြောက်လလောက်အကြာမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တာပါ။ 

ပြန်လွတ်ပြီး စက်တင်ဘာလမှာတော့ ဒုတိယအကြိမ် အဖမ်းခံရပြီး အခုလို ထောင်ဒဏ်ချခံရတာဖြစ်ပါတယ်။

……………………………………

ကော့သောင်းမှာ ပျူစောထီးခေါင်းဆောင်နဲ့ ဒုခေါင်းဆောင် ပစ်သတ်ခံရ

ကော့သောင်းခရိုင်ရှိ ကရသူရိမြို့နယ်၊ မသေကျေးရွာအုပ်စုက ပျူစောထီးလို့‌ခေါ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၇ ရက်နေ့က ရှင်းလင်းလိုက်တာဖြစ်ပြီး သေနတ်၅ လက်နဲ့ လက်ပစ်ဗုံးတွေအပါအဝင် ခဲယမ်း‌တွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

ပျူစောထီးခေါင်းဆောင်နှစ်ယောက်ကို ပစ်သတ်ခဲ့ပေမယ့် လက်အောက်ငယ်သားတွေကိုတော့ လက်နက်တွေသိမ်းပြီး ပြန်လွှတ်လိုက်တယ်လို့ဆိုပါတယ်။

အခုလိုတိုက်ခိုက်တာကို ဘုတ်ပြင်းမြို့နယ်နဲ့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားတာပါ။

……………………………………

လောင်းလုံးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးပစ်သတ်ခံရ

လောင်းလုံးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး မတ်လ ၂၇ ရက်နေ့က ပစ်သတ်ခံလိုက်ရပါတယ်။

လောင်းလုံးမြို့ (က) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေလွင်ဦးဟာ သူ့ရပ်ကွက်ထဲ ဆိုင်ကယ်နဲ့သွားနေချိန် ပစ်သတ်ခံလိုက်ရတာပါ။

သူ့ကို ဘယ်သူတွေက ဘယ်လိုအကြောင်းအရင်းကြောင့် ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

……………………………………

ရေဖြူ ကျေးလက်ဖွံ့ဖြိုးရေးဌာန အမှုထမ်း ပစ်သတ်ခံရ

ရေဖြူမြို့နယ်မှာ ကျေးလက်‌ဒေသ ဖွံ့ဖြိုးရေးဌာနက လက်ထောက်ကြီးကြပ်ရေးမှူးတစ်ဦး မတ်လ ၂၆ ရက်နေ့က ပစ်သတ်ခံလိုက်ရပါတယ်။

လက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးလွင်ဟာ ဆွေမျိုးတစ်ဦးရဲ့ နာရေးပို့ဆောင်ပြီး အပြန်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ပစ်သတ်သွားတာလို့ ဆိုပါတယ်။

အသက် ၄၇ နှစ်အရွယ် ဦးအေးလွင်ဟာ ရေဖြူမြို့နယ် ကျောက်ကညှာကျေးရွာနေထိုင်သူဖြစ်ပါတယ်။

သူဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး မိတ်ဆွေစစ်မှုထမ်းဟောင်း‌တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ သွားလာလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မပတ်သက်ဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက သူ့ကိုသတိပေးခဲ့ဖူးတဲ့အပြင် ယမန်နှစ်ကလည်းသေနတ်နဲ့ အပစ်ခံရဖူးတယ်လို့ ဆိုပါတယ်။

……………………………………

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် PDF ရဲဘော်ဟောင်းနဲ့ ညီဖြစ်သူ သေဆုံး

တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်က ပစ်ခတ်တာ‌ကြောင့်  PDF ရဲဘော်ဟောင်းနဲ့ ညီဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။

ကမ္မလိုင်းရွာရှိ စစ်ကောင်စီတပ်ဂိတ်မှာ  မတ်လ၂၅ ရက်မနက်က အပစ်ခံရတာပါ။

ကျွန်းစုမြို့နယ် PDF ရဲဘော်ဟောင်းနဲ့ ညီဖြစ်သူကို စစ်ကောင်စီတပ်က စစ်ဆေးနေချိန် ဆိုင်ကယ်မောင်းပြေးတယ်ဆိုပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုအပစ်ခံရတာကြောင့် ဆိုင်ကယ်နောက်က ထိုင်လိုက်လာတဲ့ အသက် ၁၈နှစ်အရွယ် PDF ရဲဘော်ဟောင်းက နေရာမှာပဲ သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဆိုင်ကယ်မောင်းတဲ့ ညီဖြစ်သူကတော့ သေနတ်ဒဏ်ရာနဲ့ ဆက်မောင်းပြေးသွားပြီး ပဝကျေးရွာဆေးခန်းမှာ ဆေးကုသမှု ခံယူနေချိန် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

……………………………………

ထားဝယ်မြစ်ကူးတံတားဖွင့်

ကမြောကင်းတံတားနဲ့ဘေးချင်းကပ်နေတဲ့ ထားဝယ်မြစ်ကူးတံတားအသစ်ကို စစ်ကောင်စီက မတ်လ ၂၆ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

NLD အစိုးရလက်ထက်က စဆောက်ခဲ့တဲ့ အဲဒီတံတားဟာ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့ကို ဆက်သွယ်ထားတာပါ။

2021 ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ ဆန္ဒပြအင်ဂျင်နီယာစစ်ကြောင်းက ပန္နက်ရိုက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီက တံတားကို ဆက်လက်တည်‌ဆောက်ပြီး  ဖွင့်လှစ်ခဲ့တာပါ။

စစ်ကောင်စီတပ်က တံတားမဖွင့်ခင် တစ်လနီးပါးအလိုကတည်းက  လောင်းလုံးမြို့နယ်တကြော နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ရပ်ရွာတွေထဲ စစ်ကြောင်းထိုးခဲ့ပါတယ်။

စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်‌တွေနဲ့ တိုက်ပွဲ‌တွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်က ရပ်ရွာတွေထဲစစ်ကြောင်းထိုးချိန်မှာ နေအိမ်အဆောက်အအုံ‌တွေကို မီးရှို့တာ၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ပါတယ်။

ကမြောကင်းတံတားဖွင့်ပွဲအတွက် အကြိုပြင်ဆင်တဲ့ မတ်လ ၂၂ ရက်နေ့က မိုင်းမတော်တဆဖြစ်လို့ ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကမြောကင်းတံတားနား  သောကြာပြင်ရွာနဲ့ထိန်သစ်ရွာ ဆိုင်းဘုတ်နှစ်ခုကြားမှာ လက်လုပ်မိုင်းမတော်တဆပေါက်ကွဲပြီး မိုင်းတပ်စုက ရဲဘော်ကျားကလေး ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကမြောကင်းတံတားဖွင့်ပွဲအတွက် လုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်ဖို့ ဖုန်းနဲ့ ချိန်ကိုက်မိုင်းထောင်နေချိန် ဖုန်းမက်ဆေ့ဝင်လာပြီး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

……………………………………

ကမ်းဝေးငါးဖမ်းလှေတွေ ဆိပ်ကမ်းပြန်ဝင်

ငါးဖမ်းရာသီ ပိတ်သိမ်းပြီဖြစ်လို့ ကမ်းဝေးငါးဖမ်းလှေတွေဟာ မတ်လ ၂၉ ရက်နေ့ကစပြီး မြိတ်မြို့ရှိ ဆိပ်ကမ်းတွေကို ပြန်ဝင်လာကြပါပြီ။

ဧပြီလ ၁ ရက်နေ့ကစပြီး ငါးဖမ်းရာသီ သုံးလပိတ်တာဖြစ်တဲ့အတွက် ကမ်းဝေးငါးဖမ်းလှေတွေက မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ကမ်းကို ပြန်ဝင်ရတာပါ။

ငါးဖမ်းရာသီကို ဧပြီလတစ်လထပ်တိုးပေးဖို့ ငါးလုပ်ငန်းရှင်တွေက တောင်းဆိုခဲ့ပေမယ့်  စစ်ကောင်စီဘက်က ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ငါးမဖမ်းရရာသီအဖြစ် ဧပြီ၊ မေ၊ ဇွန်လတွေကို သတ်မှတ်ထားတာပါ။

အဲဒီအချိန်ကတော့ လုပ်ငန်းရှင်တွေက  ငါးဖမ်းရာသီကို ဧပြီလတစ်လ ထပ်တိုးပေးဖို့ တောင်းဆိုခဲ့ကြလို့ ငါးဖမ်းလှေအမျိုးအစားအချို့ကို ငါးဖမ်းခွင့် တစ်လတိုးပေးခဲ့ပါတယ်။

……………………………………

ထိုင်းမှာ ဆိုက်ရောက်ဗီဇာ ၁၄ ရက်ပဲပေးတော့မယ်

ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် နိုင်ငံအချို့က နိုင်ငံသားတွေကို ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့်ပေးနေရာက ဧပြီလ ၁ ရက်နေ့ကစပြီး ၁၄ ရက်ပဲ ပေးတော့မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားတွေကို ၂၀၂၂ ခုနှစ်ကစပြီး ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့်ပြုနေတာပါ။

ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့်ပြုတာက ထိုင်းအစိုးရက စမ်းသပ်ကာလအနေနဲ့ ခွင့်ပြုပေးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ၁၄ ရက်ထက်ပိုပြီး နေထိုင်မယ်ဆိုရင် ရက် ၆၀ ခရီးသွားဗီဇာကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှာ လျှောက်ထားရမှာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဗီဇာမလိုဘဲ ၁၄ ရက်နေထိုင်နိုင်ပြီး နောက်ထပ် ရက် ၃၀ ဗီဇာကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးထောက်ခံချက်နဲ့ သက်တမ်းတိုးလျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

……………………………………

မဟာချိုင်ကစက်ရုံ မြန်မာအလုပ်သမား တစ်ထောင်ကျော် အလုပ်ထုတ်

ထိုင်းနိုင်ငံ  မဟာချိုင်မှာရှိတဲ့ စက်ရုံတစ်ခုက မြန်မာအလုပ်သမား တစ်ထောင်ကျော်ကို အလုပ်ထုတ်လိုက်ပါတယ်။

MOU လို့ခေါ်တဲ့ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့  အီလက်ထရောနစ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကို နစ်နာကြေး နည်းနည်းပဲပေးပြီး အလုပ်ထုတ်လိုက်တာပါ။

မတ်လ ၃၀ ရက်နေ့မှာ စာချုပ်ဖျက်သိမ်းပြီး အလုပ်ကနေ ရုတ်တရက်ထုတ်ပယ်ခဲ့တာလို့ဆိုပါတယ်။

ပစ္စည်းအော်ဒါအမှာနည်းပြီး အလုပ်သမားကများနေတာကြောင့် ထုတ်ပယ်ရတာလို့ စက်ရုံတာဝန်ရှိသူတွေဘက်က ပြောပါတယ်။

အလုပ်ထုတ်တဲ့နေ့က စက်ရုံထဲဆူပူမှုတွေဖြစ်မှာစိုးလို့ ထိုင်းအာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့တွေကို ခေါ်ထားရတယ်လို့ ဆိုပါတယ်။

……………………………………