စစ်ကောင်စီ၏ ရေဖြူဗျူဟာကုန်း အတိုက်ခံရ၊ အနီးဝန်းကျင်မှ ဒေသခံများ အမြန်ဆုံးထွက်ခွါရန် သတိပေး

0
2583
ပုံဟောင်းဖြစ်သည်

စစ်ကောင်စီတပ်၏ ရေဖြူဗျူဟာကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၂ က ဝင်ရောက်တိုက်ခိုက်လိုက်ပြီး ယင်းစခန်းအနီးဝန်းကျင်တွင် နေထိုင်သူများ အမြန်ဆုံးထွက်ခွါကြရန် သတိပေးချက် ထုတ်ပြန်လိုက်သည်။

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ မောတောင်လမ်းပိုင်းရှိ ရေဖြူဗျူဟာကုန်းကို ယနေ့နံနက်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ၏ ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ခရီးသွားပြည်သူများ သွားလာနေသည့်အတွက် အခြေအနေအရ ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ပြည်ထောင်စုလမ်းပေါ်တွင် ယာဥ်များ လုံးဝ(လုံးဝ) သွားလာခြင်းမပြုကြရန် တိုက်တွန်းကြောင်းနှင့် ယင်းဗျူဟာကုန်းအနီး နေထိုင်သူများသည်လည်း အဆိုပါနေရာမှ အမြန်ဆုံးထွက်ခွါရန် သတိပေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

ရေဖြူဗျူဟာကုန်းအနီးတွင် လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်ရောင်းချနေသည့်နေအိမ် အပါအဝင် နေအိမ်ဆယ်လုံးဝန်းကျင်ခန့်ရှိနေပြီး ရွှေကမ္ဘောဇဆီအုန်းကုမ္ပဏီလည်း ယင်းနှင့်မလှမ်းမကမ်းတွင် ရှိသည်ဟု ဒေသခံများကပြောသည်။

“အဲဒီနားမှာ ရိုးရိုးအရပ်သားသိပ်မရှိဘူး။ စစ်တပ်မိသားစုနဲ့ ကုမ္ပဏီဝန်ထမ်းတွေကများတယ်”ဟု ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

ရေဖြူဗျူဟာကုန်းအနီး သိန်ခွန်းရွာအုပ်စု ချောင်းနှစ်ပေါက်ရွာတွင် မတ်လ ၂၉ ရက်ကစပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ၃ ရက် တိုင်တိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်။

တိုက်ပွဲဖြစ်နေစဥ်အတွင်း စစ်ကောင်စီတပ်က ရေဖြူဗျူဟာကုန်းမှ လက်နက်ကြီးများကို ကားဖြင့်တင်ဆောင်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဘက်သို့ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်စပြီးတနင်္သာရီနှင့် ပုလောမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာနေသည်။