အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
3552

Princes in The Darkness 1990s

အခန်း(၃၀)

“မိသားစုဆိုတာ ကိုယ့်အသက်သေသည်အထိ သစ္စာရှိသွားရမယ့်..တခုတည်းသောနေရာပဲ.. မိသားစုက ကိုယ့်အပေါ်နွေးထွေးမှုပေးမယ်..ကူညီမှုပေးမယ်…မိသားစုကို ငြင်းပယ်တဲ့သူက ဘယ်‌တော့မှ အဆုံးသတ်မကောင်းနိုင်ဘူး”

လားရှိုးသို့ ကျွန်မစရောက်သည့်နေ့တွင်ပဲ..အပါးကြီးထံမှ ထိုစကားကိုကြားရပါသည်။

အစပထမတွင်တော့ လားရှိုးအိမ်ရောက်ရောက်ချင်း ကျွန်မ ပျော်ခဲ့ပါ၏။ မှတ်မှတ်ရရ ဘဝတွင် ချောကလက် ကို ပထမဆုံးအကြိမ်စားဖူးခဲ့ခြင်းလည်းဖြစ်သည်။

အပါးကြီးက ကျွန်မကို သူ၏ မွေးစားသမီးအဖြစ်သတ်မှတ်လိုက်ပြီဖြစ်ကြောင်းနှင့် ကျွန််မအနေဖြင့်လည်း မိသားစုအပေါ်သစ္စာရှိရမည်ဟု သွန်သင်ခဲ့ပါသည်။

သို့သော် ကျွန်မတွင် အိပ်မက်ဆိုးများ ရှိနေ၏။ အသတ်ခံလိုက်ရပြီဖြစ်သော ကျွန်မ၏ အဖေနှင့် အမေ။ ပြီးတော့ ပျောက်ဆုံးသွားသည့် ကျွန်မအကို။ ထိုအတွေးများသည် ကျွန်မကို အိပ်မက်ဆိုးများသာ မက်စေခဲ့၏။

အပါးကြီးက ကျွန်မကို နောက်ထပ်မိသားစုတစ်ခု အစားထိုးပေးသည့် သဘောပြောဆိုနေသော်လည်း ကျွန်မ သူတို့ကြားမှာ နည်းနည်းလေးမျှ မပျော်ရွှင်ခဲ့ပါ။

ကျွန်မတွင် မိသားစုဆိုတာ ရှိခဲ့ဖူးပါသည်။ ထိုအသိက ကျွန်မဘဝကို ဘယ်တော့မှ အကောင်းအတိုင်းပြန်ဖြစ်စေမည်မဟုတ်။

လားရှိုးတွင် အပါးကြီး၏ သမီးအငယ်ဆုံး၊ ဦးလေးစစ်မင်း၏ သမီးလတ်တို့နှင့် ကျွန်မ‌ကျောင်းအတူ တက်ရ၏။

အပါးကြီးထံမှ သားသမီးရင်းချာနှင့်မခြား အခွင့်အရေးများ ကျွန်မရရှိခဲ့ပါသည်။

သို့သော် အခြားသားသမီးများနှင့်မတူညီသည်က ကျွန်မဘဝကို လောမိသားစုက ကူညီကယ်ဆယ်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိသားစုကျေးဇူးသစ္စာကိုအထူးစောင့်သိရမည်ဖြစ်ကြောင်း၊ ပညာကို စနစ်တကျသင်ယူပြီး မိသားစုကို အကျိုးပြန်ပြုရမည်ဖြစ်ကြောင်း အပါးကြီးက အချိန်ရတိုင်း ကျွန်မအား သွန်သင်ပြောဆိုတတ်ခြင်းပင်။

အထူးသဖြင့် ကျွန်မ၏ ဉီးနှောက်နုနု၊ နှလုံးသားနုနုကို ပုံသွင်းနေခြင်းဟု အသက်ကြီးမှ ကျွန်မ သဘောပေါက်မိသည်။

အပါးကြီးမသိသည်မှာ ကျွန်မ၏ ဉီးနှောက်က နုနယ်ကောင်းနုနယ်သေးမည်ဖြစ်သော်လည်း ကျွန်မမိသားစု၏ အဖြစ်ဆိုးကတော့ ကျွန်မနှလုံးသားကို မာကျောစေခဲ့ပြီးဖြစ်သည်။

ကျွန်မ၏ နှလုံးသားနှင့် အမုန်းတရားများကိုတော့ သူ ပုံသွင်းယူနိုင်ခြင်းမရှိခဲ့။ သို့သော် ကျွန်မဘက်ကတော့ အပါးကြီးစိတ်ကျေနပ်စေရန်သာ ဟန်ဆောင်နေထိုင်ခဲ့၏။

“နာကြည်းချက်တွေနဲ့ ထိုင်ငိုနေပြီး အသေခံမယ့်အစား..မသေအောင်ရုန်းကန်ရမယ်”

တချိန်က ကျွန်မအမေက ကျွန်မအဖေကို ပြောခဲ့သည့်စကား။

“ပညာဟာ အကောင်းဆုံးလက်နက်၊ မပြိုပြက်နိုင်တဲ့အင်ပါယာ”

အပါးကြီးပြောနေကျစကား။

ထိုစကားများကို နှလုံးသွင်းရင်း ကျွန်မ ပညာကို ကြိုးစားသင်ယူခဲ့သည်။

ဆယ်တန်းကို ဂုဏ်ထူး(၃)ဘာသာဖြင့် အောင်မြင်ခဲ့ပြီးသည့်နောက် အပါးကြီးသည် ကျွန်မအား စင်ကာပူသို့ ကျောင်းတက်ရန်ပို့ပေးခဲ့၏။

ကျွန်မဘွဲ့လွန်ပြီးဆုံးခါနီးအချိန်၌ ရန်ကုန်တွင် အပါးကြီးနှင့် သားများက ကုမ္ပဏီတစ်ခု စတင်ထူထောင်ရန် ဖြစ်လာသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဓိကဒေါက်တိုင်ဖြစ်သော ကိုးကန့်ဖုန်မိသားစု၊ ဝနယ် ပေါက်မိသားစုများနှင့် အပါးကြီးတို့အကြား အပြန်အလှန်တွေ့ဆုံမှုများမှ အစပြုကာ တပ်တွင်းပုန်ကန်မှုပေါ်ပေါက်လာခဲ့ပြီးနောက် ကွန်မြူနစ်အင်အားစုများ ပြိုကွဲသွားတော့၏။

အသစ်ပေါ်ပေါက်လာသော ဖုန်နှင့် ပေါက်မိသားစု လက်နက်ကိုင်များသည်လည်း အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ်ခဲ့ကြသည်။

ရွှေတြိဂံဒေသ၏ စီးပွားရေးတွင် ခွန်ဆာ တစ်ဉီးတည်းသာ ပြိုင်ဘက်ရှိနေရာမှ နောက်ပိုင်းအဖွဲ့များပါ တိုးလာသည်။

ထိုဒေသကွက်ကွက်ကလေးတွင်ပင် ရှုပ်ထွေးမှုများစွာရှိလာနိုင်သည်ကို တွေးမိသည့်အတွက် အပါးကြီးသည် မြို့ပြမှ တဆင့် နိုင်ငံတကာသို့ ခြေဆန့်နိုင်သော စီးပွားရေးလုပ်ငန်းစုကိုစတင်ရန် ဆုံးဖြတ်လိုက်သည်။

အထူးသဖြင့် မြန်မာပြည်ထဲရှိ ဘိန်းလုပ်ငန်းမှ ရရှိသောငွေမဲများကို ငွေဖြူပြုလုပ်ပြီး စီးပွားရေးအင်ပါယာတစ်ခု ထူထောင်ခြင်းပင်။

ထို့ကြောင့် မြန်မာပြည်ရှိလုပ်ငန်းများမစတင်မီကာလမှာပင် စင်္ကာပူတွင် ရုံးခွဲတစ်ခု စတင်ဖွင့်လှစ်တော့သည်။

ထိုရုံးခွဲတွင် အပါးကြီး၏ သားကြီးမစ္စတာချူး၊ သူ၏ စင်္ကာပူသူဇနီး စီစီ တို့နှင့်အတူ ကျွန်မ စတင်လုပ်ကိုင်ရ၏။

ကျောင်းမှသင်ယူလာသော ကျွန်မ၏ စာတွေ့များ နှင့် မစ္စတာချူး၊ စီစီတို့၏ လက်တွေ့များ ပေါင်းစပ်သောအခါ အချိန်တိုတွင်းပင် ကုမ္ပဏီရုံးခွဲမှာ လည်ပတ်လာနိုင်သည်။ မြန်မာပြည်မှ လုပ်ငန်းများအတွက် များစွာ အထောက်အကူပြုလာ၏။

သို့သော်..အချိန်ကြာလာသည်နှင့်အမျှ စီစီ နှင့် ကျွန်မအကြား အဆင်မပြောမှုများဖြစ်လာသည်။

အခြားမဟုတ်။

ကျွန်မ၏ ငယ်ရွယ်မှု၊ လှပမှုနှင့် ပညာတတ်ခြင်းတို့သည် မမစီစီအတွက် မိန်းကလေးချင်း သဝန်တိုစရာဖြစ်လာနေခြင်းပင်။

အပါကြီး၏ မွေးစားသမီးအဖြစ် ကြေညာခံထားရသော ကျွန်မ ကို မစ္စတာချူးက အကိုကြီးတစ်ယောက်၊ အလုပ်ရှင်တစ်ယောက်အဖြစ်သာ ဆက်ဆံပါသည်။

ကျွန်မ ကလည်း ထို့နည်းလည်းကောင်းပင်။

သို့သော် မမစီစီ၏ သံသယကတော့ တဖြည်းဖြည်းသာ ကြီးမားလာနေသည်။ လုပ်ငန်းခွင်တွင် ထိခိုက်သည်အထိရှိလာပြီး ကျွန်မကြောင့် သူတို့လင်မယားကြားလည်း မကြာခဏစကားများလာရ၏။

ကျွန်မက ထိုအခြေအနေကို မြန်မာပြည်တွင်ရှိနေသည့် အပါးကြီးထံ တိုက်ရိုက်အစီရင်ခံလိုက်သည်။

အပါးကြီးက ကျွန်မအား မြန်မာပြည်သို့ ချက်ချင်းပင် ပြန်ခေါ်လိုက်၏။

မြန်မာပြည်တွင်လည်း လုပ်ငန်းများစတင်လည်ပတ်နေပြီဖြစ်သဖြင့် အပါးကြီး၏ ဒုတိယသား မစ္စတာလု ထံတွင် ဉီးစီးလုပ်ကိုင်စေခဲ့သည်။

မစ္စတာလု ကား မစ္စတာချူးနှင့်မတူ။

ကျွန်မအပေါ် မရိုးသားသည့်အရိပ်အယောင်၊ စိတ်ဝင်စားသည့် အရိပ်အယောင်များ ပြလာခဲ့သည်။

မစ္စတာလု၏ ခြံတွင် အလုပ်လုပ်ကိုင်စဉ် နောက်ထပ် လူတစ်ဉီးကိုလည်း ကျွန်မ သတိထားမိခဲ့၏။

သူ့နာမည်ကို အဘစိုင်းပီး ဟု မစ္စတာလုက ခေါ်သည်။ မစ္စတာလု၏ သိန်းငှက်များ၊ မြွေများကို အစာကြွေးရန်၊ ပြုစုရန် မာလိပါးမှ ခေါ်ထားသူဟုလည်း သိရ၏။

အဘစိုင်းပီးမှာ ကျွန်မအား တွေ့လျှင် စူးစူးစိုက်စိုက်ကြည့်နေတတ်ပြီး တစ်ခုခုပြောချင်ဟန် ရှိနေသည်ကို ကျွန်မ သတိထားမိ၏။

သို့သော် ကျွန်မအနီးအနားတွင် မစ္စတာလု၊ ဉီးလောရှည်တို့ တစ်ယောက်မဟုတ် တစ်ယောက်ရှိနေလျှင်တော့ ခပ်တန်းတန်းပင်ဆက်ဆံတတ်သည်။

မစ္စတာလု နိုင်ငံခြားခရီးထွက်သွားသည့် တစ်ရက်။

ကျွန်မအပြင်မှပြန်လာပြီး ကားအား ဂိုထောင်တွင်းသို့ ထိုးနေစဉ် နဘေးမှ အဘစိုင်းပီ လာရပ်နေသည်ကို‌ တွေ့လိုက်ရသည်။

ကျွန်မက ဝယ်လာသည့် ပစ္စည်းများကိုသယ်နေစဉ် အဘစိုင်းပီက ကူသယ်‌ပေး၏။

“အဘရတယ်..အဲ့ဒီနေရာမှာပဲ ချထားခဲ့…ရတယ်”

“သမီး”

“ဟုတ်..ဘာပြောမလို့လဲ.အဘ..ဒီမှာ လစာကိစ္စဘာညာ အဆင်မပြေလို့များလား”

“သမီး”

အဘစိုင်းပီးက ကျွန်မလက်ကို ရုတ်တရတ်ဆုပ်ကိုင်လိုက်သည်။

“ဘာလုပ်တာလဲ..ဘာလုပ်တာလဲ”

ကျွန်မ က သတိအနေအထားဖြင့် နောက်သို့ ဆုတ်လိုက်၏။ အဘစိုင်းပီး ၏ မျက်လုံးတွင် မျက်ရည်များဝေ့သီနေသည်ကိုတွေ့လိုက်ရသည်။

“သမီး..အဘကို စိတ်မဆိုးပါနဲ့..သမီးကို မြင်တော့ သမီးအဖေနဲ့ အမေကို သတိရသွားလို့ပါ”

“ဟင်”

ကျွန်မ မေ့ထားခဲ့တာကြာပြီဖြစ်တဲ့ ကျွန်မ မိသားစု။

ဆယ်စုနှစ်များ ကြာသည်အထိ အဖေဘယ်လိုသေခဲ့ရလဲ၊ အမေဘယ်လို သေခဲ့ရလဲဆိုသည်ကို မတွေးမိအောင် ခံစားမှုအသေများထည့်သွင်းထားခဲ့သမျှ။

“ရှင်..ဘာတွေပြောနေတာလဲ”

“သမီး…က အဘကို ဘယ်မှတ်မိမလဲ…သမီး ရှန်ဝမ်းကိုတော့ မှတ်မိမှာပေါ့”

“ရှန်ဝမ်း..ရှန်ဝမ်း”

“သမီးနဲ့ သမီးအမေကို ကာကွယ်ရင်း..ခြံဝမှာတင် ပစ်သတ်ခံလိုက်ရတဲ့…ရှန်ဝမ်းလေ”

ဂျာနူး ထိုင်ခုံပေါ် အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။

ထိုနေ့က အဖေထမင်းစားပြန်အလာကိုစောင့်နေသော သူမတို့ မိသားစုထံသို့ အဖေ့တပည့် စိုင်းရှန်ဝမ်း သေနတ်တလက်ဖြင့် အပြေးအလွှားရောက်လာသည်ကို ပြန်မြင်ယောင်လာသည်။

ထို့နောက်….။ ဂျာနူး ဆက်မတွေးချင်တော့။

“ရှင်က ဘယ်သူလဲ…..ဘာလို့ ကျွန်မကိစ္စတွေသိနေရတာလဲ”

“အဘက ရှမ်ဝမ်းရဲ့ အကိုပဲ…သမီး..အဘနဲ့ သမီးအဖေနဲ့က တပ်မှူးလောဆီမှာ အတူတူ အမှုထမ်းခဲ့ကြတာ…ပြီးတော့ သမီးအဖေရဲ့ ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို အဘက တိတ်တဆိတ်ကူညီနေခဲ့သူပါ”

ဂျာနူး က အပြင်ဘက်သို့ အကဲခတ်လိုက်သည်။ မည်သူမျှမရှိ။ လောရှည်တို့လည်း ဒီအချိန်ဆို အရက်ထွက်သောက်ချိန်။

“အဘ..ဒီမှာထိုင်ပါဉီး..အဘက ဒီကို ဘယ်လိုရောက်လာတာလဲ”

“သမီးအဖေ ဟာ အဘတို့ မိသားစုရဲ့ အသက်ကို ကူမင်တန်တွေလက်ထဲကနေ တချိန်က ကယ်ခဲ့ဖူးတယ်… ပြီးတော့..လောမိသားစုဆီမှာ အဘတို့ အတူတူစစ်မှုထမ်းကြတာပေါ့…သမီးအဖေဟာ လောမိသားစုကို ပုန်ကန်တော့မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ အဘကို လာတွေ့တယ်…ပြီးတော့..အဘနဲ့သူ အဆက်အသွယ်မပြတ်ခဲ့ပါဘူး..အဘက တပ်မှူးလောရဲ့ တပ်မှာဆိုပေမယ့်..အဘညီရှန်ဝမ်းကတော့ သူနဲ့ အတူရှိနေခဲ့တာ..အဲ့ဒီနေ့ကလည်း..”

“အဘက တကယ်ပဲ..ကျွန်မအဖေရဲ့ သူငယ်ချင်းလား”

“အဘ မစ္စတာလုဆီမှ ရန်ကုန်လိုက်ပါရစေဆိုပြီး အကူအညီတောင်းပြီး အလုပ်ဝင်လုပ်နေတာလည်း..သမီးကို ရှာဖို့ပဲ”

အဘစိုင်းပီး စကားကြောင့် ကျွန်မ စိတ်တွေရှုပ်ထွေးသွားရသည်။

“အဘက ဘာကိစ္စ ကျွန်မကို ရှာရတာလဲ”

“သမီးအဖေ ချန်ထားရစ်တဲ့ အမွေပစ္စည်းတွေ သမီးကို ပေးဖို့ရှိလို့ပဲ..ဒီမှာက တယောက်ယောက်လာရင် မကောင်းဘူး..အဘ နေရာကို သွားကြမလား”

အဘစိုင်းပီးက ခြံထဲမှ သူနေထိုင်ရာ အခန်းလေးဆီ ကျွန်မကို ခေါ်သွားသည်။

သိန်းငှက်များ၊ မြွေများ မွေးထားသည့်နောက်မှ အခန်းငယ်လေးပင်။

အဘစိုင်းပီးက သူ့ထင်းရှူးသေတ္တာထဲမှ အထုတ်တစ်ထုတ်နှင့် စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။

“ဒါက သမီးတို့မောင်နှမအတွက်..သမီးအဖေ စုဆောင်းထားတာတွေပဲ..သမီး..သမီးအမေက ဘိန်းကို အရူးအမူးစွဲနေလို့..သူ့ဆီအပ်ထားရမှာစိတ်မချဘူးဆိုပြီး..အဘကို ပေးထားတာပဲ”

အဘစိုင်းပီပေးလာသည့် အထုတ်လေးကို ဖြည်ကာ ကျွန်မရင်ထဲ နင့်ခနဲ။

ရွှေဆွဲကြိုးမျှင်လေးတစ်ကုံးနှင့် ရွှေဒင်္ဂါးပြားဆယ်ပြား။

ယခုအချိန် ကျွန်မအတွက်တော့ ထိုမျှလောက်သည် ရင်ခုန်စရာမရှိလှ။

သို့သော်..ကျွန်မတို့ ဒေသ၏ ထိုခေတ်က အခြေအနေနှင့်ဆိုလျှင် ထိုဉစ္စာပစ္စည်းများသည် လူချမ်းသာလုပ်လို့ရသည့်အနေအထား။

ပစ္စည်း၏ တန်ဖိုးထက် ကျွန်မတို့အပေါ်ထားခဲ့သည့် အဖေ့၏ မေတ္တာတရားကို ခံစားလိုက်ရသည်။

“သမီးအကိုကို အဘလိုက်ရှာသေးတယ်..ဒါပေမယ့်..မတွေ့ခဲ့ပါဘူး..သမီးကိုတော့ တပ်မှူးလောက ခေါ်သွားတယ်ဆိုတာ..အဘ သတင်းတွေကြားပါတယ်..ဒါနဲ့ပဲ…မစ္စတာလု မာလိပါးကို လာတော့ ….အဘက မိသားစုလည်းမရှိ…အသက်လည်းကြီးပြီမို့.ရန်ကုန်မှာ အလုပ်လုပ်ပါရစေလို့..ဆိုပြီး လိုက်လာခဲ့တာ..ဒီမှာက သမီးကို တွေ့နိုင်ဖို့ အခွင့်အရေးရှိတယ်မဟုတ်လား”

ကျွန်မ စိတ်တွေ ပိုလှုပ်ရှားလာရသည်။ အကြာကြီးမြုံနေသော အနာများသည် တဆစ်ဆစ်နာကြင်လာရ၏။

ကျွန်မအဖေ၊ ကျွန်မအမေ၊ ကျွန်မအကို။

ကျွန်မ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မေးမြန်းဖြစ်မည်မဟုတ်သည့် စကားတခွန်းကို အဘစိုင်းပီးအာ မေးလိုက်သည်။

“အဖေ့ကို သူတို့က ဘာလို့သတ်ကြတာလဲ…ပြီးတော့ အမေ့ကိုရော ဘာကြောင့်သတ်တာလဲ”

“သမီးရဲ့အဖေဟာ ဘိန်းနဲ့ဖျက်စီးခံခဲ့ရတဲ့ မာလိပါးကို ကယ်တင်ဖို့ ကြိုးစားခဲ့တာ….သူတို့က သမီးအဖေကို ခွန်ဆာနဲ့ ဆက်သွယ်တယ်ဆိုပြီး သတ်ခဲ့တာ..ရွာသားတွေလည်း နောက်ထပ် ခွန်ဆာနဲ့ မဆက်သွယ်ရဲအောင် သမီးတို့ တမိသားစုလုံးကိုသတ်ပစ်လိုက်တာ..တကယ်က သမီးအဖေ ဟာ ခွန်ဆာကိုလည်း အယောင်ပြ ဆက်သွယ်ခဲ့တာပါ…သူတကယ်ဖြစ်စေချင်တာက မာလိပါးက လက်နက်ကိုင်ဘိန်းကုန်သည်တွေအားလုံး အပြီးသတ်ပြိုကွဲသွားစေဖို့ပဲ…ဒါကလည်း.သူ့မိန်းမကိုယ်တိုင် ဘိန်းစွဲနေခဲ့တဲ့အတွက် သမီးအဖေဟာ ဘိန်းကို မုန်းခဲ့လို့ပဲ”

အဘစိုင်းပီက စာအုပ်အညိုလေးကို ကျွန်မထံ ကမ်းပေး၏။

စာအုပ်လေးကို ကျွန်မလှန်လိုက်သည်။

အဖေရှိစဉ်က မှတ်သွားသည့်မှတ်စုတချို့။ အများစုက အင်္ဂလိပ်စာဖြင့် ရေးမှတ်ထားခြင်းပင်။

စာအုပ်ထဲမှ အချက်အလက်တချို့ကို ဖတ်ကြည့်ပြီးနောက် ကျွန်မ အံဩသွားရ၏။

အဖေသည် မာလိပါးဒေသမှ ဘိန်းလုံးဝပပျောက်ရေးနှင့် ဘိန်းဘုရင်များအား ဆန့်ကျင်တော်လှန်ရန်အတွက် လျှို့ဝှက်လုပ်ဆောင်နေခဲ့ပြီး CIA နှင့်ပင် အဆက်အသွယ်ရှိခဲ့သည်ပဲ။

အချို့နေရာများတွင် စီအိုင်အေအေးဂျင့်အချို့၏ စာတိုက်သေတ္တာများ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များပင် ရှိနေ၏။

“သမီးလက်ကို ဒါတွေ အပ်ပြီးပြီဆိုတော့ အဘကိစ္စပြီးပြီပဲ”

အဘစိုင်းပီဆီမှ အဖေ့၏ အမွေပစ္စည်းများကိုယူကာ ကျွန်မ ပြန်လာခဲ့သည်။

အိမ်ခန်းကို တံခါးပိတ်ကာ အဖေ့၏ မှတ်စုစာအုပ်လေးကို ပိုက်လျက် ကျွန်မ ငိုနေမိ၏။

ကျွန်မတို့ မိသားစုဘဝကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူများအား အလုပ်အကြွေးပြုနေရသည့် ကျွန်မကိုယ် ကျွန်မလည်း မုန်းတီးလာမိသည်။

နောက်ရက်များတွင် အဖေ့၏ မှတ်စုစာအုပ်ကို ကျွန်မ အပြန်ပြန်အလှန်လှန်ဖတ်မိ၏။

နှစ်ပေါင်းနှစ်ဆယ်နီးပါးကြာပြီဖြစ်သည့် စာအုပ်အဟောင်းလေးမှ အကြောင်းအရာများ၊ လိပ်စာများ၊ ဖုန်းနံပါတ်များကို ကျွန်မအလွတ်ရသည်အထိ ဖြစ်လာသည်။

လူဖြစ်လာလျှင် မိသားစု၏ ဂုဏ်ကို တောက်ပအောင်ပြုလုပ်ရမည်။ မိသားစု၏ တာဝန်ကို ကူထမ်းရမည်။

ဒါကလည်း အပါးကြီးကိုယ်တိုင် ကျွန်မအား ငယ်ငယ်ကတည်းက သွန်သင်ခဲ့သည့်စကား။

သို့သော်..ကျွန်မ တာဝန်ကျေပွန်ရမည်မှာ..အပါးကြီးမဟုတ်။ လောမိသားစုမဟုတ်။

ကျွန်မ၏ အဖေ၊ ကျွန်မ၏အမေ၊ ပျောက်ဆုံးနေသော ကျွန်မ၏ အကို။ ဒါကမှ ကျွန်မ မိသားစု။

အဖေဖြစ်စေချင်သည့် ဆန္ဒသည် မိသားစု၏ တာဝန်ပင်မဟုတ်လား။ ထိုတာဝန်ကို ကျွန်မ ထမ်းရတော့မည်။

………………………………………….

တစ်ရက် ကျွန်မနှင့် မစ္စတာလုတို့ စီးပွားရေးဆိုင်ရာပါတီတစ်ခုမှ အတူပြန်လာခဲ့ကြသည်။

ခြံတွင်း ကားရပ်လိုက်သည်နှင့် မစ္စတာလုက ကားမောင်းသူနေရာမှနေပြီး ဘေးမှ ကျွန်မကိုယ်ကိုကျော်ကာ တံခါးကို ဖွင့်ပေး၏။ တဆက်တည်း သူ၏ လက်တစ်ဖက်ကလည်း ကျွန်မ၏ ပေါင်ကို ဆုပ်ကိုင်လိုက်သည်ကို သတိထားမိလိုက်သည်။

မစ္စတာလုကား ကျွန်မကို ကိုယ်အားဖြင့် စတင်ထိပါးရန် ကြံစည်နေပြီဖြစ်ကြောင်း ကျွန်မ ရိပ်မိလိုက်၏။

စက်ဆုပ်ရွံရှာခြင်းကို ကျွန်မ ၏ နာကြဉ်းမှုဖြင့် လဲလှယ်လိုက်သည်။ ကျွန်မက ခပ်ညုညုလေး စကာပြောလိုက်သဖြင့် မစ္စတာလု သဘောကျသွားသည်ကိုလည်း တွေ့လိုက်ရသည်။

ထိုနေ့ညတွင်ပင် မစ္စတာလု ကျွန်မအခန်းသို့ ရောက်ရှိလာပါ၏။

မစ္စတာလုအတွက်တော့ ကျွန်မသည် သူ၏ စားကျက်ထဲမှ သမင်မလေး။

သို့သော်…သူကိုယ်တိုင် ထောင်ခြောက်ထဲဝင်နေသည့် ကျားတစ်ကောင်ဖြစ်နေမှန်းမသိခဲ့။

………………………………………….

နောက်တပတ်အကြာတွင် စင်္ကာပူတွင်ကျောင်းတက်စဉ်က ရင်းနှီးခဲ့သော သူငယ်ချင်းများနှင့် ဘန်ကောက်တွေ သွားရောက်တွေ့ဆုံလိုကြောင်း မစ္စတာလုကို ကျွန်မ ပူဆာလိုက်သည်။

မစ္စတာလုသည် သူ၏ ပလိုင်းထဲက ဖားကလေးဖြစ်ခါစ ကျွန်မကို အသာတကြည်ပင် ခွင့်ပြုလိုက်၏။

အလုပ်ကိစ္စအနေဖြင့် ဘန်ကောက်ရုံးခွဲဖွင့်ရန်လည်း စုံစမ်းခိုင်းလိုက်သည်။

ဘန်ကောက်သို့ရောက်ရောက်ချင်း ကျွန်မပြုလုပ်သည်က အဖေ၏ မှတ်စုစာအုပ်ထဲတွင်ပါသော ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ မစ္စဗိုင်အိုလက်ဆိုသည် နာမည်တစ်ခုထံ စာရေးလိုက်ခြင်းပင်။

ကျွန်မအဖေအကြောင်းနှင့် ကျွန်မသည် ယခုအခါမည်သူမည်ဝါဖြစ်ကြောင်း၊ ကျွန်မကို စာရပြီးတပတ်အတွင်း မည်သည့်နေရာသို့ဆက်သွယ်နိုင်ကြောင်း စသဖြင့်။

………………………………………….

တပတ်ပင်ကျော်သွားခဲ့ပြီ။

မည်သည့်အဆက်အသွယ်မှ မလာတော့လျှင် ကျွန်မ မြန်မာပြည်သို့ ပြန်မည်ဟု ဆုံးဖြတ်လိုက်၏။

သို့သော် ထိုနေ့တွင်ပင် ကျွန်မနေထိုင်ရာ ဟိုတယ်သို့ ဖုန်းဝင်လာသည်။

အောက်ထပ်တွင် ကျွန်မကို တွေ့ရန်ဧည့်သည်စောင့်နေသည်တဲ့။

အမေရိကန်သံရုံးမှ ပြန်လည်ဆက်သွယ်လာပြီဆိုသည့်အတွေးဖြင့် ကျွန်မအောက်သို့ ဆင်းသွားလိုက်သည်။

သို့သော်..ကျွန်မတွေ့လိုက်ရသည်က သာမန်ထိုင်းလူမျိုးတစ်ယောက်။

“မဂျာနူးလားခင်ဗျ”

ထိုင်းသံဝဲနေသော အင်္ဂလိပ်စကားဖြင့် သူက မေးမြန်းလာသည်။

“ဟုတ်ပါတယ်..ကျွန်မဂျာနူးပါ..ရှင်ကရော”

“အန်တီဗိုင်အိုလက်က လွှတ်လိုက်တာပါ….ခင်ဗျားကို သူတွေ့ချင်နေတယ်”

“သူက ဘာလို့ မပါလာတာလဲ”

“သူရှိပါတယ်.ဒီနေရာကို လာဖို့ အဆင်မပြေလို့..ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ”

ကျွန်မ ထိုသူနှင့် လိုက်သွားရန် ဆုံးဖြတ်လိုက်၏။

အနက်ရောင်မှန်များကာထားသည့် ကားအနက်ရောင်၏ အနောက်ခန်းတွင် တက်ထိုင်လိုက်သည်။

ကားက ဘန်ကောက်လမ်းမများအပေါ် ပြေးလွှားနေ၏။

ဘန်ကောက်မြို့ပြင်ရှိ အိမ်ရာတစ်ခုအတွင်း ဝင်သွားသည်။

“ဒီအိမ်ထဲကို ဝင်သွားပါဗျ..အန်တီဗိုင်အိုလက် စောင့်နေပါတယ်”

ခြံတံခါးကို တွန်းဖွင့်ဝင်လိုက်သည်။

ဝင်ဝင်ချင်းပင် သစ်ခွပန်းများ၊ နှင်းဆီပန်းများဖြင့် မြက်ခင်းစိမ်းတစ်ခုကို တွေ့လိုက်ရ၏။ မြက်ခင်းစိမ်းဘေးတွင် ရေကူးကန်ပြာပြာ။

မြက်ခင်းစိမ်းပေါ်တွင် မြေဆွသည့် ဂေါ်ပြားကို ကိုင်ကာ ရပ်နေသည့် ပိန်ပိန်ပါးပါးအမျိုးသမီးကြီးတစ်ယောက်။

ဆံပင်တိုတို၊ ဘလောက်စ်အင်္ကျီအပြာနှင့် ဘောင်းဘီခပ်ပွပွကို ဝတ်ထားသည်။

“ကဲ..သမီး…ဒီကို လာထိုင်ပါ”

ဗမာစကားပီပီသသ ပြောလိုက်သံ။

“အန်တီက..”

“ဟုတ်တယ်…အန်တီဗိုင်အိုလက်ဆိုတာ အန်တီပဲ”

“အော်..ကျွန်မက အမေရိကန်ထင်ထားတာ”

အမျိုးသမီးကြီးက ကျွန်မရှေ့မှ ခုံတွင် ဝင်ထိုင်လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က မင်းအဖေ နဲ့ တို့ တာချီလိတ်မှာ ဆုံခဲ့ဖူးတယ်…အဲ့ဒီတုန်းက တို့အမျိုးသား ရစ်ချတ်လည်း အတူပါတာပေါ့…အင်း..မင်းက..မင်းအဖေနဲ့ မျက်နှာပေါက်ချင်း အတော်ဆင်တာပဲ”

“ကျွန်မ စာထဲမှာ ရေးထားတာတွေ..အန်တီဖတ်ပြီးလောက်မှာပေါ့”

အန်တီဗိုင်အိုလက်က ကျွန်မကို လက်ကာပြလိုက်သည်။

“မင်း.အချက်အလက်အားလုံးကို ငါတို့ တပတ်အတွင်း အားလုံးစုံစမ်းပြီးပါပြီ…မင်း ငါတို့အတွက် အလုပ်လုပ်ပေးမှာ သေချာလား”

“သေချာပါတယ်”

“မင်းရေကူးတတ်လား”

“ရှင်”

“‌ရေကူးတတ်လားလို့ မေးတာပါ”

“ကူးတတ်ပါတယ်”

“နေလည်းသာတယ်ဆိုတော့..ငါတို့ ရေကူးရင်း စကားပြောကြမလား”

အန်တီဗိုင်အိုလက်စကားကြောင့် ကျွန်မပင် ကြောင်တောင်တောင်ဖြစ်သွား၏။

“ရော့…ဒီမှာ ဘစ်ကနီ..နောက်က ရေကူးကန်ဘေးမှာ အဝတ်လဲခန်းရှိတယ်..သွား.. လဲလိုက်”

ကျွန်မသူကမ်းပေးသည့် ဘစ်ကနီကို လှမ်းယူလိုက်မိသည်။

ထို့နောက် သူညွှန်ပြသည့် အဝတ်လဲခန်းတွင် သွားလဲလိုက်၏။

ဘာကိစ္စ ရေကူးဝတ်စုံလဲခိုင်းသည်လဲ ကျွန်မစဉ်းစားမရ။

ကျွန်မရေကူးဝတ်စုံလဲပြီးချိန်တွင် အန်တီဝိုင်အိုလက်စ်ကလည်း ရေကူးဝတ်စုံဖြင့် အသင့်ဖြစ်နေပေပြီ။

“တကြောင်းလောက်ရေကူးပြီး စကားပြောကြတာပေါ့”

ရေကူးရပြန်ပြီ။

ဘာကိစ္စ ဒီအဘွားကြီးခိုင်းသည့် အူကြောင်ကြောင်တွေ လုပ်နေမိမှန်း ကျွန်မကိုယ် ကျွန်မလည်း မသိတော့။

ရေကူးကန်အား နှစ်ကြောင်းခန့်အပြန်အလှန်ကူးပြီးသည့်အခါ ကော့တေးနှစ်ခွက်က ရေကူးကန်ဘေး အဆင်သင့်ရောက်နေ၏။

သည်နေရာတွင် အန်တီဗိုင်အိုလက်တစ်ယောက်တည်းနေထိုင်ခြင်းမဟုတ်မှန်းလည်း ကျွန်မ သိလိုက်၏။

“ကဲ..မင်းကို ဘာလို့ ရေကူးခိုင်းလဲသိလား”

ကျွန်မ ခေါင်းခါလိုက်သည်။

“မင်း အဝတ်အစားတွေအောက်မှာ.. ခန္ဓာကိုယ်ထဲမှာ အသံဖမ်းစက်တွေ လျှို့ဝှက်ကင်မရာတွေ တပ်လာမှာစိုးလို့ပဲ.. အထဲက မင်းအဝတ်အစားတွေကိုလည်း ငါတို့စစ်ဆေးပြီးပါပြီ…ဘာမှ မပါပါဘူး”

ထိုအခါမှ အန်တီဗိုင်အိုလက်၏ ရေကူးခိုင်းခြင်းကို ကျွန်မ အဓိပ္ပါယ်ပေါက်လိုက်တော့၏‌။

“ကဲ..မင်း စီအိုင်အေအတွက် အလုပ်လုပ်ပေးမယ့်ကိစ္စ သေချာဆုံးဖြတ်ပြီးပြီ‌ပေါ့”

“ဆုံးဖြတ်ပြီးပါပြီ”

“ဒါဆိုရင်တော့…မင်း အတွက် အနီးကပ်အမြန်သင်တန်းတွေ..တက်ဖို့လိုမယ်…မြန်မာပြည်ထဲမှာဆိုရင်တော့ မဖြစ်နိုင်ဘူး..မင်း အတွက် နိုင်ငံခြားခရီးစဉ်တွေ တလတခေါက်တော့ ဖြစ်နိုင်အောင် မင်းစီစဉ်ရလိမ့်မယ်”

“ဘယ်လိုမျိုးလဲ”

“စီးပွားရေးနဲ့ပတ်သက်တဲ့ သင်တန်းမျိုးကို ထိုင်ဝမ်၊ ဒါမှမဟုတ် ဩစတြေးလျက တက္ကသိုလ်တစ်ခုခုမှာ တလကို ငါးရက်လောက် လာတက်နိုင်မယ့် စကောလားရှစ်မျိုး ငါတို့ စီစဉ်ပေးလိုက်မယ်..မင်းက မင်းလူတွေကို တက်ချင်တယ်လို့ပြောပေါ့..သူတို့ခွင့်ပြုချက်ရဖို့တော့ မင်းဖာသာကြိုးစားရလိမ့်မယ်..တကယ်တော့ မင်း တက်နေတဲ့ တက္ကသိုလ်မှာ အဲ့ဒီသင်တန်းရှိပေမယ့်…မင်းအဓိက သင်ယူရမှာတော့..ငါတို့ဆီက စီအိုင်အေက ဆရာတွေရဲ့ သူလျှိုသင်တန်းတွေပဲ.ဘယ်လိုလဲ..ဖြစ်မလား”

“ဖြစ်နိုင်ပါတယ်..အပါးကြီးက ပညာ‌ရေးနဲ့ ပတ်သက်လာရင် ကျွန်မကို အမြဲတန်းရှေ့တန်းတင်သင်ယူခိုင်းတာပါ”

“ကောင်းတယ်…ရှေ့လျှောက်..သူတို့ရဲ့ အားနည်းချက်ထဲကနေပဲ ငါတို့ အလုပ်လုပ်ရမှာ”

ခက်ဇော်

အခန်း ၃၁ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>