တိုက်ပွဲကြောင့် မောတောင်လမ်း ယာယီဖြတ်သန်းခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

0
2262
ထုံခါ မောတောင်လမ်းပိုင်းတနေရာ

တိုက်ပွဲများနေ့စဉ်ဖြစ်ပေါ်နေသည့်အတွက် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်လမ်းကို ယာယီဖြတ်သန်းခြင်း မပြုကြရန် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံကြောင်း ယနေ့ မတ်လ ၃၁ရက်တွင် ထုတ်ပြန်လိုက်သည်။

ထုံခါ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ တိုက်ပွဲရက်ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအား ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ထိခိုက်မှုများလည်း ရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ယင်းအပြင် တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်လာနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ဖြတ်သန်းသွားလာခြင်း ခွင့်မပြုကြောင်း ဖော်ပြသည်။

သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများက ခွင့်မပြုသေးမီအချိန်အထိ သွားလာခြင်းမပြုကြရန် ပန်ကြားထားသည်။

ထုံခါ-မောတောင်လမ်း ချောင်းနှစ်ပေါက်ရွာအနီးတွင် မတ်လ ၂၉ ရက်မှ ယနေ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး
စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံရွာသားများသည် ဘေးလွတ်ရာတိမ်းရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်။ ဒီနေ့လည်း ဆက်ဖြစ်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ပစ်ပြီးဝင်တိုးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထုံခါ-မောတောင် လမ်းမှတစ်ဆင့် မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်သို့ ကုန်တင်ယာဉ်များဖြင့် ရေထွက်ပစ္စည်းများ အဓိကတင်ပို့နေသည် လမ်းကြောင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂ ရက်တွင် တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်လာနေသည်။