ရေဖြူ တောင်ရင်းအင်းရွာတွင် ပြည်သူ့စစ်တစ်ဦး ပစ်ခတ်ခံရ

0
2553
ပုံစာ - တောင်ရင်းအင်းရွာလမ်း

ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ တောင်းရင်းအင်းရွာတွင် လက်နက်ကိုင်ဆောင်ထားသည့် ပြည်သူ့စစ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပစ်ခတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးထွန်းအောင်သူဆိုသူဖြစ်ပြီး မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် နေအိမ်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

သေနတ်ဒဏ်ရာရှိသွားသည့် ဦးထွန်းအောင်အား စစ်‌ကောင်စီက ကားဖြင့် တောင်ရင်းအင်း-ဂန့်ဂေါ်တောင် လမ်းဆုံအထိ လာရောက်သယ်ဆောင်သွားခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။

ယင်းလမ်းဆုံမှတစ်ဆင့် အရေးပေါ်ကားဖြင့် မောရဝတီရေတပ်ဆေးရုံကို တင်ပို့သွားပြီး ဆေးကုသနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“မ‌နေ့က ပစ်ခံရပြီးမှာ စစ်တပ်ကားလာပြီး တင်သွားတယ်။ ဒီနေ့တော့ ရွာမှာ အခြေနေပုံမှန်ပဲ” ဟု ၎င်းက ပြောသည်။

ဦးထွန်းအောင်အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။

အာဏာသိမ်းပြီးနောက် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များတွင် တောင်ရင်းအင်းရွာနှင့် ဖားချောင်းရွာတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ဖူးသည်။

ပစ်ခတ်မှုမဖြစ်ခင် မတ်လ ၃၀ ရက် နံနက်ပိုင်းကမူ ကံပေါက် – ကလိန်အောင်လမ်းပိုင်း သစ်တောကြိုးဝိုင်း ဧရိယာအနီးတွင် စစ်ကောင်စီကားများ ရပ်ထားပြီး မောရဝတီရေတပ်စခန်းမှ စစ်ကောင်စီတပ်သားများ တောနင်းရှာဖွေနေသည်ဟု ဒေသခံများက ပြောသည်။

“ဆီအုန်းခြံဆိုင်းဘုတ်အလွန် အသည်းအေးတောင် (ဒေသအခေါ်) အနားမှာ စစ်တပ်ကား အကြီး ၄စီးနဲ့ အသေးတွေလည်းပါတယ်။ ရပ်ထားတာ။ မောရဝတီက စစ်သားတွေ လေးဆယ်ကျော်လောက်ရှိတယ်။ ကျည်ကာဝတ်ပြီး တောနင်းဖို့ တောစပ်ကို ဝင်နေတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

မတ်လ ၂၇ ရက်နေ့က ကံပေါက်-ကလိန်အောင်လမ်းပိုင်းရှိ ပြင်ပို့တောင်အနီးတွင် ပစ်ခတ်သံအချို့ ထွက်ပေါ်ခဲ့ပြီးနောက် လမ်းပိုင်းတွင် အစစ်ဆေးတင်းကျပ်ခြင်း၊ တောနင်းရှာဖွေခြင်းတို့ ပြုလုပ်လာခြင်းဖြစ်‌ ကြောင်း ဒေသခံတို့ကဆိုသည်။

ယခင်ကလည်း ကံပေါက်သစ်တောရုံးလမ်းဆုံနှင့် တောင်ရင်းအင်းရွာအဝင်လမ်းဆုံများတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးလေ့ရှိသည်။