ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံရသည့် ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီတပ်အင်အားတိုးချ

0
2174

ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံနေရသည့် ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီက တပ်အင်အားတိုးမြှင့် ချထားကာ တပ်စွဲလာကြောင်း မြို့ခံတို့ထံမှ သိရသည်။

ရေဖြူမြို့ အထက်‌တန်းကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်ဖြင့် တပ်စွဲထားသည်ကို မတ်လ ၂၉ ရက်တွင် တပ်အပြောင်းအလဲလုပ်ကာ အင်အားဆယ်နှင့်ချီ တိုးမြှင့်ချထားလိုက်ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းအပြင် ရပ်တော်မူဘုရာကုန်းတွင်လည်း အင်အားဆယ်ချီ ချထားကာ တပ်စွဲထားလိုက်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ရပ်တော်မူဘုရားကုန်းမှာလည်း စစ်ကောင်စီတပ်များ မကြာခဏ လာရောက်တပ်စွဲဖူးသည့် နေရာဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြေသယ်ကားများဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အခုရောက်နေတဲ့တပ်က အရမ်းကြမ်းတယ်ဆိုပြီး ပြောနေကြတယ်။ ဒီတစ်ခါ (တပ်စွဲထားတာ) ပိုကြာမယ်ထင်တယ်” ဟု အထက်ပါမြို့ခံက ဆက်လက်ပြောဆိုသည်။

တပ်စွဲရန် လာရောက်သည့်နေ့က ရေဖြူမြို့မှ သ‌‌ဗြေဇွန်းကျေးရွာဖက်သို့ထွက်သည့် လမ်းကြောင်းတစ်လျှောက် မိုင်းရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“မိုင်းရှာပြီးတော့ လူမရှိတဲ့အိမ်တွေကိုလည်း ဝင်ရှာတာ မျိုးစုံလုပ်သွားသေးတယ်” ဟု ‌အခြားမြို့ခံတစ်ဦးက ပြောသည်။

ယင်းအပြင် မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင်လည်း ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး အဖမ်းခံရသူများကို ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မကြာခဏ လာရောက်တိုက်ခိုက်နေခြင်းကြောင့် အင်အားတိုးမြှင့်ကာ တပ်စွဲခြင်း ဖြစ်နိုင်ကြောင်း မြို့ခံအချို့က ခန့်မှန်းနေကြသည်။

ဖေဖော်ဝါရီလ ၆ ရက်က ရေဖြူမြို့ပေါ်ရှိ မြို့နယ်ပညာရေးမှူး နေထိုင်သည့်ဝန်ထမ်းအိမ်ရာ မီးပုလင်းဖြင့် ပစ်ပေါက်ခံရခြင်း၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ကလည်း ရေဖြူမြို့မဈေးအနီး ဗုံးပေါက်ကွဲခြင်းတို့ ဖြစ်ပွားခဲ့ဖူးသည်။

ယင်းအပြင် မတ်လ ၁၅ ရက်ကလည်း ရေဖြူမြို့နယ် လဝကရုံး မီးရှို့ခံရပြီး မတ်လ ၂၄ ရက်တွင်မူ မြို့မရဲစခန်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးရုံး (နတလ) တို့ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း မြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖ) တိုက်ခိုက်ခံခဲ့ရသည်။