ဒေါ်နယ်ထရမ့်ကို စွဲချက်တင်၊ ရာဇဝတ်မှုဖြင့် တရားစွဲခံရသော ပထမဆုံး ကန်သမ္မတဟောင်းဖြစ်လာ

0
2172
ဓာတ်ပုံ - The Guardian

၂၀၁၆ခုနှစ် ရွေးကောက်ပွဲကာလတွင်း အပြာရုပ်ရှင်သရုပ်ဆောင် စတော်မီ ဒန်နီရယ်လ်စ်အား နှုတ်ပိတ်ခပေးခဲ့မှုနှင့်ပတ်သက်ပြီး  အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ရန် နယူးယောက်မြို့တွင် ဂျူရီလူကြီးများက မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

သမ္မတဟောင်း တစ်ဦးတစ်ယောက်မှ ရာဇ၀တ်မှုဖြင့် စွဲချက်တင်ခံရဖူးခြင်းမရှိသည့် အမေရိကန် နိုင်ငံသမိုင်းတွင် ဒေါ်နယ်ထရန့်သည် ပထမဆုံး အမည်းစက် ဖြစ်လာခဲ့သည်။

အဆိုပါသတင်းသည် ၂၀၂၄ ခုနှစ်အတွက် ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေရမှုများကို လှုပ်ခတ်စေခဲ့သည်။

ဤကိစ္စမပေါ်ပေါက်မီ ကနဦး စာရင်းများအရ ဆန္ဒမဲရနှုန်းကို ထရမ့်က ဦးဆောင်လျက် ရှိသည်။ 

မစ္စတာထရမ့်၏ ရှေ့နေကို ဆက်သွယ်ခဲ့ပြီး ၎င်း၏စွဲချက်များအတွက် တရားရုံးချုပ်၏ တရားခွင်တွင် ပူးပေါင်းပါဝင်ပေးရန်နှင့် အဆိုပါ တရားခွင်အတွင်း ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်အလက်များကို လုံခြုံစွာ တင်သွင်းခွင့်ရမည်ဖြစ်ကြောင်း  အသိပေးပြောကြားခဲ့သည်ဟု မန်ဟက်တန် ဒေသန္တရရှေ့နေ့ အယ်လ်ဗင် ဘရက် ၏ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထရမ့်ကို လာမည့် အင်္ဂါနေ့တွင် ရုံးထုတ်မည်ဖြစ်ပြီး ၎င်းအပေါ် စွဲချက်တင်ထားသည်များအတွက်လည်း အယူခံဝင်မည်ဖြစ်ကြောင်း နယူးယော့ခ်တိုင်းမ် နှင့် စီအန်အန် သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ 

၎င်း၏အခြေအနေကြောင့် လက်ထိပ်ခတ်ခံရခြင်း ရှိ၊မရှိ မသေချာသော်လည်း ထရမ့်ကို လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်ကာ ရာဇဝတ်မှုနှင့် ဖမ်းဆီးခံရသူများကို စီမံသည့်အတိုင်း လုပ်ငန်းစဉ်များကို  ဆောင်ရွက်သွားမည်ဖြစ်သည်။

ထရမ့်၏တရားရေးအဖွဲ့သည် ယင်းစွဲချက်များကို ပြင်းပြင်းထန်ထန် ချေဖျက်နိုင်ရန် မျှော်လင့်ထားသည်။ တရားခွင် စတင်နိုင်ချေ ရှိသည့် ကာလမှာမူ သေချာမသိရသေးပေ။ 

စီးပွားရေးလိမ်လည်မှုဆိုင်ရာ စွဲချက်ပေါင်း ၃၀ကို ရင်ဆိုင်နေရသည့် ထရမ့်သည် ဤသတင်း ထွက်ပေါ်ပြီးနောက် ယခုစွဲချက်သည် “နိုင်ငံရေးအရ ဖိနှိပ်မှု” ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုမှုနှင့်အတူ မန်ဟက်တန်ခရိုင်ရှေ့နေ ဘရက်ခ် အပြင် ဒီမိုကရက်များကို ထုတ်ပြန်ချက်တစ်စောင် ထုတ်ကာ တိုက်ခိုက်ပြောဆိုခဲ့သည်။

“ဒီလို စုန်းပြူးဖမ်းသလို တိုက်ခိုက်နေတာမျိုးက ဂျိုးဘိုင်ဒင် (လက်ရှိ အမေရိကန် သမ္မတ) အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ရလိမ့်မယ်” ဟု ထရမ့် က ပြောသည်။

“စည်းလုံးပြီး အားကောင်းတဲ့ ကျွန်ုပ်တို့ရဲ့လှုပ်ရှားမှုတွေနဲ့ ပါတီကအယ်လ်ဗင်ဘရက်ကို အရင်ထိုးနှက်ပြီး  အဲ့ဒီနောက် ဂျိုးဘိုင်ဒင် ကို အနိုင်ယူသွားမှာပါ” ဟုလည်း ၎င်းကဆက်ပြောသည်

ထိပ်တန်း ရီပတ်ဘလီကန်အမတ်များသည် အဆိုပါစွဲချက်ကို အဆောတလျင် ရှုတ်ချခဲ့ပြီး ထရမ့်ဘက်မှ ကာကွယ်ပေးခဲ့ကြသည်။

ထရမ့်သည် ရွေးကောက်ပွဲတွင်း မဲရေတွက်မှုအပေါ် ဝင်ရောက်စွက်ဖက်မှု အပြင် ကွန်ကရက် တွင် ဇန်နဝါရီလ ၆ ရက်နေ့က တိုက်ခိုက်မှု အတွက် စွဲချက် ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်း ဂျော်ဂျီယာပြည်နယ် ၏ မဲရလဒ်ကို ပြောင်းလဲရန် ကြိုးပမ်းမှု ၊ လျှို့ဝှက်အချက်အလက်များကို ထိန်ချန်ထိန်းသိမ်းထားမှု ၊ စီးပွားရေးဆိုင်ရာ မေးခွန်းထုတ်စရာ အခြေအနေများနှင့် အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်ဟုဆိုကာ စာရေးဆရာ အီးဂျင်း ကာရိုလ် မှ စွဲချက်တင်ထားသည့်  အသရေဖျက်မှု စသည့် အမှုများကို ရင်ဆိုင်ရလျက် ရှိသည်။

စာရေးဆရာ နှင့် သက်ဆိုင်နေသည့် အမှုကို မဟုတ်မှန်ကြောင်း ထရမ့်ဘက်က ငြင်းပယ်ထားသည်။

တစ်ဖက်မှာလည်း စတော်မီ ဒန်နီရယ်လ်သည် ၂၀၀၆ ခုနှစ်တွင် ထရမ့်နှင့်ဆက်ဆံရေးရှိခဲ့သည် ဟု အခိုင်အမာပြောသည်။

ထရမ့်ဘက်က ထိုပြောဆိုချက် နှင့် ပတ်သက်ပြီး ငြင်းဆိုထားသော်လည်း သူမ ကို နှုတ်ပိတ်နေထိုင်ရန် အတွက် အမေရိကန် ဒေါ်လာ ၁၃၀,၀၀၀ ပေးဆောင်ရန် ထိုစဉ်က ၎င်း၏ ရှေ့နေနှင့် ညှိနှိုင်းပေးသူ မိုက်ကယ် ကိုဟန် ကိုညွှန်ကြားခဲ့ကြောင်း ဝန်ခံခဲ့သည်။

ထရန့် နှင့် ဇာတ်လမ်းရှိသည်ဟုဆိုထားသော ပလေးဘွိုင်း မော်ဒယ် ကယ်ရန် မက်ဒိုဂယ်လ် ကိုလည်း ကိုဟန် က ဒေါ်လာ ၁၅၀,၀၀၀ ပေးချေရန် စီစဉ်ပေးခဲ့ရကြောင်း ထုတ်ဖော်ခံခဲ့ရသည်။

ထိုငွေပေးချေမှုကို အတင်းအဖျင်း သတင်းစာတစ်စောင် ဖြစ်သည့် နေရှင်နယ် အန်ကွိုင်းယား သတင်းစာထုတ်ဝေသူ ဒေးဗစ်ပက်ကာ က ဆောင်ရွက်ပေးခဲ့သည်။ ဤငွေပေးချေမှုကို စီစဉ်နိုင်ရန် ထရမ့် အဖွဲ့အစည်းမှ တရားရေးရာအတွက် ကုန်ကျစရိတ် အဖြစ် စာရင်းသွင်းထားသည့် ငွေပေးချေမှုများဖြင့် ကိုဟန် ကို ပေးခဲ့ရကြောင်း ထရမ့်က ဝန်ခံခဲ့သည်။

ထရမ့်သည်  ၂၀၁၆ခုနှစ် ရွေးကောက်ပွဲတွင် ပြိုင်ဖက် ဟီလာရီ ကလင်တန် ကိုအနိုင်ယူခဲ့ပြီး ၂၀၁၇ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိသမ္မတဖြစ်ခဲ့သည်။ စတော်မီ ဒန်နီရယ်လ်စ် ကို နှုတ်ပိတ်ခ ပေးခဲ့ရသည့် သတင်းများသည် ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီတွင် စတင်ပေါက်ကြားခဲ့သည်။

ကိုဟန် သည် မဲဆွယ်စည်းရုံးရေး ဘဏ္ဍာရေးဥပဒေအား ချိုးဖောက်မှုအတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့သည့်အတွက်  ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့သည်။

ဒန်နီရယ်လ်စ် ဆီ နှုတ်ပိတ်ခပေးမှု နှင့် ပတ်သက်ပြီး  စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေလျက် ရှိသည်။ ယခုနှစ်အစောပိုင်းတွင် အယ်လ်ဗင် ဘရက်၏ အဖွဲ့မှနှုတ်ထွက်ခဲ့ပြီးနောက် စာအုပ်တစ်အုပ်ပါ ရေးသားထုတ်ဝေခဲ့သည့် ၊ အတွေ့အကြုံရှိ နယူးယောက် အမှုလိုက်ရှေ့နေ တစ်ဦး ဖြစ်သူ မာ့ခ် ပိုမယ်ရန့်ဇ် သည် ဤနှုတ်ပိတ်ခပေးမှု ကို မသေနိုင်သော “သွေးစုတ်ဖုတ်ကောင်ပမာ အမှု” ဟု မှတ်ချက်ပြုခဲ့သည်။

ယခုလအစောပိုင်းတွင် ကိုဟန် သည် ဤကိစ္စကို ဂျူရီလူကြီးများရှေ့တွင် ထွက်ဆိုခဲ့သည်။ ထရမ့်လက်ထက် အိမ်ဖြူတော်လက်ထောက်ဟောင်းများ ဖြစ်သူ ဟုတ်ပ် ဟစ်ခ်စ် နှင့် ကယ်လီယန် ကွန်ဝေး တို့ အပြင် စတော်မီ ဒန်နီရယ်လ်စ် ၊ ဒေးဗစ်ပက်ကာ နှင့် ထရမ့်အဖွဲ့အစည်း၏ အကြီးတန်းဒုက္ကဋ္ဌနှင့် ကြိုးကိုင်သူ ဂျက်ဖရီ မက်ကွန်နေး တို့သည် အမှုလိုက်ရှေ့နေများနှင့် တွေ့ဆုံစစ်ဆေးခံရမှုများ ရှိကြောင်း သိရသည်။

ထရမ့်ဘက်က ထွက်ဆိုခဲ့ခြင်း မရှိခဲ့ပါ။ ငွေပေးချေမှုများသည် ငွေညှစ်ခံရခြင်းကို ကိုယ်စားပြုသည်ဟု ဆိုကာ သူ့လုပ်ရပ်က မှားယွင်းမှုမရှိကြောင်း ၎င်းက ငြင်းဆိုသည်။

ထရမ့်သည် ၎င်း၏ရှေ့နေ ကိုဟန်ထံမှ အကြံဉာဏ်ရယူခဲ့ခြင်းသက်သက်သာ ဖြစ်သည့်အတွက် ဤအပြုအမူ သည် ရာဇဝတ်မှုမဟုတ်ကြောင်း ၊ ယခုသီတင်းပတ်အစောပိုင်းတွင် ထရမ့်၏ ရှေ့နေတစ်ဦးဖြစ်သူ  ဂျိုး တာကိုပီနာ က MSNBC သတင်းဌာနကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး တာကိုပီနာ မှ ကိုဟန် ဆီ စီးဆင်းခဲ့သည့် ငွေများသည် ရိုးရိုးသားသား “တရားရေးရာ အခကြေးငွေ” သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့် ၏ရှေ့နေများသည် လက်ရှိ အမှုကို နှောင့်နှေးစေရန် ကြိုးပမ်းလျက် ရှိသည်။

Reference

●       The Guardian