တနင်္သာရီတိုင်း အမဲရောင်နယ်မြေက အဖိနှိပ်ခံဘဝများ

0
2492

ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ ရွာလေးတချို့မှာ လူခြေတိတ်ဆိတ်နေသည်။

မီးလောင်ထားသဖြင့် အိမ်များမှာလည်း ကျိုးတိုးကျဲတဲ။

အချို့အိမ်များဆိုလျှင် မီးလောင်ငုတ်တိုများ၊ မီးလောင်ထားသဖြင့် မဲနက်နေသည့် သစ်သားပြတင်းဘောင်များ၊ မီးလောင်ထားသော အုတ်နံရံများဖြင့် တိုက်အိမ်ဟောင်းလောင်းများက မြို့ပျက်ကြီးသဖွယ်ဖြစ်နေသည်။

ရွာတွင်းလမ်းများသည်လည်း သွားလာသူ အနည်းငယ်သာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။

“ကျွန်တော်အသက် ၅၀ ပြည့်မှ ဒီအိမ်လေးကို ဆောက်နိုင်တာပါ။ နောက်ထပ်ပြန်ဆောက်ဖို့ဆိုတာကတော့ ဒီတသက် မလွယ်တော့ဘူး။ တော်တော်လေးပြန်ပြီး ရုန်းကန်စုဆောင်းရဦးမယ်ပေါ့ဗျာ” ဟု မြိတ်ခရိုင်ပုလောမြို့နယ်၊ တိုရွာနေ အသက် ၆၀ အရွယ်ရှိ ဦးလေးမောင် (အမည်လွှဲ) က ဆိုလိုက်သည်။

တိုရွာသည် ယခင်ရွာကြီးတစ်ရွာဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ပလမြို့၏ အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်အတွင်း ထည့်သွင်းထားသည်။

ဦးလေးမောင် နေထိုင်သည့် တိုရွာသို့ ၂၀၂၂ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်များ အင်အားသုံး ဝင်ရောက်လာပြီး တိုရွာတွင်ရောက်ရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ခဲ့ကြသည်။

ယင်းနောက် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာသွားချိန် စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး အရပ်သားနေအိမ် ၈၀ နီးပါး လောင်ကျွမ်းဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ အဏာရှင်စနစ်ကို ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြပြီး လက်ရှိတွင် လက်နက်ကိုင်တော်လှန်မှုများ အားကောင်းလာနေသည်။

ယင်းကြောင့် စစ်ကောင်စီက အာဏာသိမ်းပြီး ၂ နှစ်ပြည့်ချိန်တွင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ဒေသများကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် မြို့နယ်ပေါင်း ၄၇ ခုရှိပြီး တနင်္သာရီတိုင်းမှ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်ခဲ့သည်။

၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ရေးအရှိန် မြှင့်တင်လိုက်ပြီး တနင်္သာရီမြို့အနီး ကျေးရွာများနှင့် ပုလောမြို့အနီးကျေးရွာများသို့ နယ်မြေစိုးမိုးထိန်းချုပ် လာနိုင်ခဲ့ကြသည်။

ယင်းသို့စိုးမိုးထိန်းချုပ်ပြီးနောက် ပုလောနှင့် ပလမြို့အတွင်းသို့ ရှောင်တခင်ဝင်ရောက်ကာ ရဲစခန်းများနှင့် ရုံးများကိုပစ်ခတ်မှုများ လုပ်ဆောင်လာသလို တနင်္သာရီမြို့တွင်းရှိရဲစခန်းနှင့် စစ်ကောင်စီရုံးများကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ မြို့စောင့်တပ်များသို့လည်း လာရောက် ပစ်ခတ်တိုက်ခိုက်ခြင်းများကိုလည်း လုပ်ဆောင်လာခဲ့ကြသည်။

ယင်းကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့၊ ပလမြို့နှင့် တနင်္သာရီမြို့တို့ရှိ နယ်မြေများလက်လွှတ်ရမည့် အခြေအနေကြောင့် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းလည်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာပြီး ၂ ပတ်အကြာ မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များ အခြေစိုက်ထားသည့် ကဒဲကျေးရွာအား စစ်ကောင်စီတပ်က သာလွန်အင်အားသုံး၍ ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်ပြီး ယင်းကျေးရွာကို မီးရှို့ခဲ့သည်။

မီးတင်ရှို့လိုက်သည့်အတွက် ကဒဲကျေးရွာတွင် ၂ ရက်အတွင်း အရပ်သားနေအိမ် ၁၆၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။
ယင်းသို့နေအိမ်များ မီးရှို့ခဲ့သလို လက်ရှိအချိန်တွင် အရပ်သားများ၏ ဥယျာဉ်ခြံများကိုပါ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လာနေသည်။

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်တိုက်ပွဲများက နေ့စဉ်နဲ့အမျှ ပိုမိုဖြစ်ပွားလာနေသလို နေအိမ်မီးလောင်မှုများ၊ ဖောက်ထွင်းခံရမှုများ၊ ဖမ်းဆီးခံရမှု၊ သတ်ဖြတ်ခံရမှုများလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည်။

စစ်အုပ်ချုပ်ရေးကြေညာသည့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ယနေ့အထိ ၂ လတာအတွင်း ပုလောမြို့နယ်တွင် တိုက်ပွဲ အကြိမ်ရေ ၂၀ ဝန်းကျင်နှင့် တနင်္သာရီတွင် ၁၀ ကြိမ်ဝန်းကျင် ဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်ခြင်းမျိုးပြုလုပ်သလို တိုက်ပွဲပြီးနောက်နှင့် မည်သည့်တိုက်ပွဲမှ မဖြစ်ချိန်တွင်လည်း ပုလောနှင့် တနင်္သာရီမြို့နယ်တို့မှ ကျေးရွာများအတွင်းသို့ ပစ်ခတ်လေ့ရှိပြီး သေဆုံးသူနှင့် ဒဏ်ရာရသည့် အပြစ်မဲ့ပြည်သူများလည်း အများအပြားရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ကျေးရွာတွေအတွင်း အကြိမ်ကြိမ်ပစ်ခတ်သဖြင့် ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် အမျိုးသမီးနှင့် အသက် ၈ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် အရပ်သား အနည်းဆုံး လေးဦး ထက်မနည်း သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့သည်။

ယင်းအပြင် မြို့နယ် ၂ ခုအတွင်း အရပ်သားဖမ်းဆီးခံရမှုလည်း ၅၀ ဝန်းကျင်ထက် မနည်းရှိခဲ့သည်။

ယင်းအခြေအနေများကြောင့် ဒေသခံရွာသားများမှာ ကျေးရွာများအတွင်း မနေရဲဘဲ တောတောင်လယ်ကွင်းပြင်နှင့် ဥယျာဉ်ခြံမြေများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးများရှိရာနေရာများသို့ သွားရောက်နေထိုင်နေကြရသည်။

“ရွာတွေအများစုက လူမရှိကြတော့ဘူး။ အိမ်တွေလူမရှိတော့ ပစ္စည်းတွေလည်း သူယူငါယူနဲ့ ကုန်ပြီလို့ကြားရတယ်” ဟု ကဒဲရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ ဦးကျော် (အမည်လွှဲ) က ပြောသည်။

ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူဦးရေ ၃၀၀၀၀ ကျော်ရှိခဲ့ပြီး တိုက်ပွဲဖြစ်ပေါ်မှု အများဆုံးဖြစ်ခဲ့သည့် ပုလောမြို့နယ်မှ စစ်ရှောင်သူ ၂၇၀၀၀ ခန့်ရှိကြောင်း တနင်္သာရီတိုင်းအတွင် စစ်ရေးလေ့လာနေသည့် အဖွဲ့အစည်းဖြစ်သည့် FE5 Tanintharyi က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဒုတိယတိုက်ပွဲအဖြစ်များသည့် တနင်္သာရီမြို့နယ်တွင်လည်း ဘန်းလမွတ်၊ ညောင်ပင်ကွင်း၊ တကူ၊ လယ်သစ်၊ ပဝ၊ ဘန်လော၊ အနောက်မော်တုန်းကျေးရွာအုပ်စုနှင့် မြိတ်မြို့နယ်ရှိ တုံးဗျောကျေးရွာ အုပ်စုတို့ရှိ ဒေသခံများသည်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အရေအတွက်ကိုမူ စာရင်းကောက်ယူနေဆဲဖြစ်သည်။

တနင်္သာရီမြို့နယ်တွင်မူ အမြဲတမ်းစစ်ရှောင်သူ ရာဂဏန်းသာရှိခဲ့ပြီး အများစုမှာ တိုက်ပွဲပြီးလျှင် ရွာအတွင်း ပြန်လည်နေထိုင်ကြသူများကြောင်း ဒေသခံများ ထံမှသိရသည်။

ယင်းအပြင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီမှ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့အား ည ၈ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်သည်။

ယင်းအပြင် ပုလောမြို့မှ ကျေးရွာများသို့ ရိက္ခာသယ်ယူမှု ကန့်သတ်ထိန်းချုပ်လိုက်သလို လောင်စာဆီများကိုလည်း လုံးဝသယ်ယူခွင့်မပြုတော့ဘဲ ပုလောမြို့ပေါ်သို့ လာရောက်၍ ကားများ ဆိုင်ကယ်များ၏ ဆီတိုင်ကီအတွင်းသို့သာ ထည့်သွင်းသယ်ယူခွင့် ပေးတော့သည်။

ပုလောမြို့အတွင်းသို့လည်း ကျေးရွာနေပြည်သူများ ဈေးရောင်းဝယ် အလုပ်ကိစ္စဖြင့်သွားလာလျှင် မှတ်ပုံတင် (သို့မဟုတ်) ထောက်ခံစာပြပြီးမှသာ ဂိတ်ကို ဖြတ်သန်းသွားလာခွင့် ပေးတော့သည်။

စစ်ကောင်စီတပ်က တော်လှန်ရေးအားကောင်းသော ဒေသများတွင် ဖြတ်လေးဖြတ် ဗျူဟာကျင့်သုံးပြီး တော်လှန်ရေးအဖွဲ့များ ချိနဲ့သွားရန်လုပ်ဆောင်လေ့ရှိသလို ယခုတွင်လည်း တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေး အားကောင်းသော ဒေသများကို ဖြတ်လေးဖြတ်ဗျူဟာ ကျင့်သုံးလာခြင်းဖြစ်သည်။

ဖြတ်လေးဖြတ်ဆိုသည်မှာ တော်လှန်ရေးတပ်ဖွဲ့များကို ငွေကြေး၊ ရိက္ခာ၊ သတင်းနှင့် တပ်သားသစ်စုဆောင်းခြင်းများကို ဖြတ်တောက်ခြင်းဖြစ်သည်။

ယင်းဒေသရှိ ပြည်သူများမှာလည်း ဖြတ်လေးဖြတ်ကြောင့် အခက်အခဲများစွာ ကြုံတွေ့ကြရသည်။

ပုလောမြို့နယ်တွင်လည်း ယင်းသို့သောကန့်သတ်မှုတို့ကြောင့် ကျေးရွာနေပြည်သူများ ဈေးရောင်းဈေးဝယ်နှင့် ဥယျာဉ်ခြံမြေရာဘာလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဒုက္ခအခက်အခဲမျိုးစုံကြုံနေကြရပြီး စီးပွားရေး အကျပ်အတည်းများလည်း ဖြစ်ပေါ်နေကြသည်။

“အခက်အခဲကတော့မျိုးစုံကို ကြုံနေရတယ်။ ရိက္ခာတွေလည်း တစ်ရက်စာတစ်ရက်ပဲ ဝယ်နေရတဲ့ပုံစံမျိုး ကန့်သတ် လာတယ်။ ရွာထဲမှာလည်း ဈေးဆိုင်တွေ မရောင်းခိုင်းဘူး။ ဆန်တောင် လူတစ်ယောက် ၅ ပြည်ဝင်တစ်အိတ်ပဲ သယ်လို့ရတယ်” ဟု ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနေ ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားက ပြောသည်။

ဆိုင်ကယ်တွင်လည်း အမျိုးသားတင်ခွင့်မရသဖြင့် အလုပ်က ရှားပါးလာကြောင်း ၎င်းက ဆိုပြီး အောက်ပါအတိုင်းညည်းသည်။

“အလုပ်ကရှားပါးလာပြီး ကြာရင်ငတ်သေမယ့် အခြေနေမျိုးရှိနေတယ်”

ပုလောမြို့နယ်နှင် တနင်္သာရီမြို့နယ်တို့မှ ကျေးရွာများမှာ အများအားဖြင့် အိမ်ကြီးအိမ်ကောင်းများရှိပြီး စီးပွားရေးကောင်းမွန်သည့် ဒေသများဖြစ်ကြသည်။

စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ခဲ့သည့် ပုလောမြို့နယ်ရှိ တိုရွာ၊ ကဒဲရွာတို့ဆိုလျှင် အိမ်ကြီးအိမ်ကောင်းများသလို တိုက်အိမ်အများအပြားရှိသော ကျေးရွာကြီးများဖြစ်သည်။

ယခုဆိုလျှင် ကျေးရွာအတွင်းရှိ အိမ်ကြီးအိမ်ကောင်းများမှာ မီးလောင်ပျက်စီးကုန်သလို ဒေသခံများမှာလည်း ဘေးလွတ်ရာ တောတောင်များအတွင်း စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။

ရွာတွင်မနေရဲဘဲ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေသည်မှာ လေးလခန့်ရှိနေပြီဖြစ်သည့် တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာနေ မဖြူ (အမည်လွှဲ) က တိုက်ပွဲအမြန်ပြီးစေချင်ပြီဟု ဆိုသည်။

“ရွာလည်း ပြန်ချင်နေပြီ။ အိမ်အခြေအနေလည်း ဘာမှမသိရဘူး။ ကလေးတွေနဲ့ တောထဲမှာ စားရေးသောက်ရေး နေရေးထိုင်ရေး အစစ တအားပင်ပန်းနေပြီ” ဟု ဆိုသည်။