ကမြောကင်းတံတားသစ် ခရီးသွားများ ဖြတ်သန်းသွားလာရန် စတင်ခွင့်ပြု

0
2487
ယနေ့၉နာရီဝန်းကျင်တွေ့သည့်ကမြောကင်းတံတား

ထားဝယ်မြို့နှင့်လောင်းလုံးမြို့သို့ ဆက်သွယ်ထားသည့် ကမြောကင်းတံတား (ခေါ်) ထားဝယ်မြစ်ကူးတံတားသစ်ကို မတ်လ ၂၇ ရက် မနက်ပိုင်းကစပြီး ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။

လောင်းလုံးဘက်မှ ထားဝယ်သို့သွားသူများက ကမြောကင်းတံတားသစ်က ဖြစ်သန်းသွားရမည်ဖြစ်ပြီး ထားဝယ်ဘက်မှ လောင်းလုံးဘက်သို့ လာသူများမှာ ကမြောကင်းတံတားဟောင်းက ဖြတ်သန်းသွားရမည်ဖြစ်သည်ဟု လောင်းလုံးမြို့နယ်မှထားဝယ်သို့သွားသည့် ဒေသခံတစ်ဦးကပြောသည်။

” ဒီနေ့ (မတ် ၂၇)တံတားထိပ်ကနေ လုံခြုံရေးယူထားတဲ့စစ်သားတွေက ပြောနေတယ်။ ထားဝယ် သွားရင် တံတားသစ်ကဖြတ်သွားဆိုပြီး ပြောနေကြတယ်”ဟု ၎င်းကပြောသည်။

သို့သော် ထားဝယ်ဘက်က လောင်းလုံးဘက်လာသည့် ဒေသခံများမှာ ကမြောကင်းလမ်းဟောင်းအတိုင်းလာပြီး တံတားဟောင်းကို ဖြတ်၍ ဗိုလ်မှုးဗထူးရုပ်တုနောက်ကျောကို အဝိုင်းပတ်၍သွားရမည်ဖြစ်ပြီး မောင်းမကန်ကမ်းခြေဘက်သွားရမည့် ဒေသခံများမှာ မူလလမ်းဟောင်းအတိုင်း သွားရမည်ဖြစ်သည်။

လောင်းလုံးမြို့ဘက်မှ မောင်းမကန်ကမ်းခြေဘက်လာသည့် ဒေသခံများမှာ တံတားဟောင်းရှေ့ လက်ဝဲဘက်ယာဉ်ကြောအတိုင်း မူလလမ်းဟောင်းမှ ဖြတ်သွားရမည်ဖြစ်သည်။

ကမြောကင်းတံတားသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် NLD အစိုးရက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီ အတွင်းရေးမှုး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လာရောက်ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်သည်။

ကမြောကင်းတံတားသစ်ကို ဆောင်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁၆)ရက်နေ့က စတင်တင်တည်ဆောင်ပြီး ၂၀၂၃ ခုနှစ် မတ်လ (၁၅)ရက်နေတွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

ကမြောကင်းတံတားသစ်၏အရှည်မှာ ၁၀၅၀ ပေရှိပြီး၊ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့်လူသွားလမ်းမှာ တံတား၏ ဘယ်ညာ ၅ ပေစီရှိသည်။

တံတားအောက်ရေလမ်းကင်းလွတ်အကျယ်မှ ၁၆၄ ပေနှင့် အမြင့် ၁၆ ပေရှိပြီး တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်သည်။