ထိုင်းအထွေထွေရွေးကောက်ပွဲ မေ ၁၄ ကျင်းပမည်၊ ပါတီ ၃ ခုအားပြိုင်နေ

0
2400
ဓာတ်ပုံ - https://theaseanpost၊ lemonde

ထိုင်းနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲကို မေလ ၁၄ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပါလီမန်ကို ဖျက်သိမ်းပြီး တစ်ရက်အကြာ မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မဲဆန္ဒရှင် ၅၂ သန်းခန့်၏ ထောက်ခံမှုရရှိရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီများက မဲဆွယ်စည်းရုံးစဉ် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲအား ပါလီမန်ကို ဖျက်သိမ်းပြီး ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကျင်းပရန် ပြဌာန်းထားသည်။

လက်ရှိ အနေအထားအရ ပရာရွတ်ချန်အိုချာ၏ စစ်ဘက် ကွန်ဆာဗေးတစ် ယူနိုက်တက်ထိုင်းနေရှင်းပါတီ ထက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး ၊ ယင်းလတ် ၏ တူမ ဖြစ်သူ ပေထုံတန် ရှင်နာဝပ်ထရာ ဦးဆောင်သော Pheu Thai ပါတီ နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင် တာနာထုန် ဂျောင်ဂရွန်ဂရန်ကစ် ၏ Move Forward ပါတီတို့က လူထုသဘောထား စစ်တမ်းများတွင် ထောက်ခံမှု သိသိသာသာ ရရှိနေသည်။

ကြိုတင်မဲပေးမှုကို မေလ ၇ရက်နေ့ တွင် စတင်မည် ဖြစ်သော်လည်း ပါတီများထံမှ အမတ်လောင်းနှင့် ဝန်ကြီးချုပ်နေရာ လျာထားသည့် ပါတီဝင်များအတွက် စာရင်းတင်သွင်းမှုများကို ဧပြီလ အစောပိုင်းမှာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အထွေထွေ အတွင်းရေးမှူး ဆာဝန်င် ဘွန်မီး (Sawaeng Boonmee) က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကော်မရှင်သည် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၆၀ အတွင်း အနည်းဆုံး ထောက်ခံမဲ ၉၅ ရာခိုင်နှုန်းအထိ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ အဆင်ပြေချောမွေ့ရန် စည်းမျဥ်းစည်းကမ်းများကို လူတိုင်း လေးစားလိုက်နာစေချင်ကြောင်း ၎င်းက ဆိုသည်။

မေလ ရွေးကောက်ပွဲတွင် ပါလီမန်ဖွဲ့ရန် အမတ်များကို ဦးစွာရွေးချယ်မည်ဖြစ်ပြီး ယင်းပါလီမန်မှ ဇူလိုင်လကုန်တွင် ၀န်ကြီးချုပ်တစ်ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း အစိုးရ၏ အချိန်ဇယားအရ သိရသည်။

ထိုင်းနိုင်ငံတွင် နောက်ဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ယင်းလတ် ရှင်နာဝပ်၏ ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းလိုက်ပြီး နောက် ၅ နှစ်အကြာ ၊ မတ်လ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည်။ အဆိုပါကာလတွင်း လက်ရှိ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ သည် ၎င်း၏အုပ်ချုပ်ရေးကို ခိုင်မာအောင် လုပ်လိုက်သောကြောင့် ထိုင်းပြည်သူများအတွင်း လှုပ်ခတ်မှုများ ရှိခဲ့သည်။

ထိုင်းနိုင်ငံ၏ အလုပ်သမားလူတန်းစားများအတွက် ရည်ရွယ်သည့် လူကြိုက်များသည့် မူဝါဒဖြင့် ရှင်နာဝပ်ထရာ များ(ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏မိသားစု)မှ ထိန်းချုပ်ထားသော ပါတီများသည် ၂၀၀၁ ခုနှစ်မှ စတင်ကာ ရွေးကောက်ပွဲတိုင်းတွင် အပြတ်အသတ် အနိုင်ရခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အနိုင်ရခဲ့သော်လည်း ၎င်း၏ အစိုးရ ၃ ခုကို စစ်တပ်က အာဏာသိမ်းမှု သို့မဟုတ် တရားရုံး စီရင်ချက်ဖြင့် ဖယ်ရှားခဲ့သည်။

ပါတီစည်းရုံးရေးများ လနှင့်ချီပြီး စတင်နေပြီဖြစ်သော်လည်း ပါတီများသည် အပြိုင်အဆိုင် အရှိန်မြှင့် ကြိုးပမ်းလျက်ရှိသည်။

ဖွေထိုင်းပါတီ ၏ ပေထုံတန် ရှင်နာဝပ်ထရာသည် ပါတီအပေါ် နိုင်ငံရေးအရ လှည့်စားမှုများကို ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အပြတ်အသတ်အနိုင်ရမည်ဟု ယုံကြည်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယူနိုက်တက်ထိုင်းနေရှင်း ပါတီတွင် ပြန်လည်အရွေးခံမည့် ပရာယွတ်က ၎င်း၏အစိုးရအဖွဲ့သည် နိုင်ငံကို အုပ်ချုပ်နေဆဲဖြစ်ကြောင်း အင်္ဂါနေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။

ကိုးကား – CNN, Thai PBS World