ထားဝယ် ဇဟာရွာအုပ်စုထဲ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲ

0
2423

ထားဝယ်မြို့နယ် ဇဟာရွာကျေးရွာအရှေ့ဘက်ရှိ ဒေါင်းရှောင်ဘက်ပိုင်းကို ယနေ့ မတ်လ ၂၄ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများထံမှသိရသည်။

အိမ်ဝိုင်းတစ်ခုထဲသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အိမ်အနောက်ဘက် ရေမော်တာနှင့် အိမ်ရှေ့ကွမ်းသီးပင်တို့ကို ထိမှန်ကြောင်း ဇဟာရွာသူတစ်ဦးက ပြောသည်။

“အိမ်မှာက အမေတစ်ယောက်တည်းရှိတာ။ အိမ်အရှေ့တစ်လုံး၊ အိမ်အနောက်တစ်လုံး ကျတယ်။ အိမ်အရှေ့မှာ တွင်းတစ်တွင်းတွေ့တယ်။ အိမ်နောက် ရေစက်က ကြေနေတယ်” ဟု ၎င်းက ပြောဆိုသည်။

ယနေ့ နံနက် ၇နာရီခန့်ကစပြီး ထားဝယ်မြို့အနီး ဇဟာနှင့် မောင်မယ်ရှောင်ရွာဝန်းကျင်တို့က လက်နက်ကြီးပစ်ခတ်သံ ဆယ်ချက်ထက်မနည်း ကြားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ မောင်မယ်ရှောင်နှင့် ဇဟာရွာတို့မှာ ရွာချင်းဆက်တည်ရှိသည်။

ဇဟာရွာ၏ အရှေ့ဘက်တွင် စစ်ကောင်စီတပ် အမှတ် ၃၀၂ အမြှောက်တပ်ရင်းရှိသည်။

လက်နက်ကြီးပစ်ခတ်သံများမှာ အဆိုပါအမြှောက်တပ်ရင်းဘက်က ကြားရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က မောင်မယ်ရှောင်ရွာအနီး စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သေးသည်။

ယနေ့ နံနက်ဖြစ်စဉ်တွင် မည်သည့်အဖွဲ့က ပစ်ခတ်နေသည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။