ထားဝယ်တွင် ‘ယ’ နံပါတ် တစ်ပတ်ရစ်ဆိုင်ကယ်များ ဈေးထိုးတက်

0
2695

ထားဝယ်ဈေးကွက်အတွင်း ‘ယ’ နံပါတ်ပါ တစ်ပတ်ရစ်ဆိုင်ကယ်များ အဝယ်များ၍ ဈေးထိုးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မန္တလေး၊ မော်လမြိုင် အစရှိသည့် အခြားတိုင်းနှင့် ပြည်နယ်ရှိ ဝယ်လက်များက ‘ယ’ နံပါတ်ပါ ဆိုင်ကယ်များကိုသာ ဝယ်ယူကြသည့်အတွက် အရောင်းအဝယ်သွက်သလို ဈေးလည်း မြင့်တက်သွားကြောင်း ဆိုင်ကယ်ဝယ်ရောင်းသူအချို့က ပြောသည်။

ဝယ်လက်များက တစ်နိုင်ငံလုံးတွင်စီးခွင့်ရှိသည့် ‘ယ’ နံပါတ်ရှိမှသာ ဝယ်ယူကြပြီး ကလစ်ဆိုင်ကယ်ကို အဓိကထား ဝယ်ယူကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ၂၁၀၅ ခုနှစ်ထုတ် တစ်ပတ်ရစ် ကလစ်ဆိုင်ကယ်တစ်စီးလျှင် ၁၅ သိန်းဝန်းကျင်နှင့် ၂၀၁၆ ခုနှစ်ထုတ် တစ်စီးလျှင် ၁၇ သိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။

လက်ရှိတွင်မူ ၂၀၁၅ ခုနှစ်ထုတ်တစ်စီးလျှင် ၂၂ သိန်းကျော်နှင့် ၂၀၁၆ ခုနှစ်ထုတ်တစ်စီးလျှင် ၂၅ သိန်းကျော်အထိ ပေါက်ဈေး ရှိနေကြောင်း ထားဝယ်မြို့ရှိ ဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။

၂၀၁၇ ခုနှစ်ထုတ် ကလစ်ဆိုင်ကယ်အမျိုးအစားလည်း လူကြိုက်များသည့် မော်ဒယ်တစ်ခုဖြစ်ပြီး တစ်ပတ်ရစ်ဆိုင်ကယ်တစ်စီးလျှင် သိန်း ၃၀ ကျော်အထိ ပေါက်ဈေးရှိနေသည်။

အထက်ပါ ဈေးနှုန်းဖြင့် ရောင်းချနေသည့် တစ်ပတ်ရစ်ဆိုင်ကယ်များမှာ ‘ယ’ နံပါတ်ပါ ဆိုင်ကယ်များဖြစ်သည်။

‘TNI’ နံပါတ်ပါ ဆိုင်ကယ်များမှာ ထုတ်လုပ်သည့်ခုနှစ်တူသော်လည်း တစ်စီးလျှင် ငွေကျပ် ငါးသိန်းမှ ရှစ်သိန်းအထိ ဈေးနည်းကြောင်း အဆိုပါ ဝယ်ရောင်းသမားက ဆိုသည်။

‘TNI’ နံပါတ်မှာ တနင်္သာရီတိုင်းအတွင်းစီးနင်းရန် ဒေသလိုင်စင်အဖြစ် မှတ်ပုံတင်ထားခြင်းဖြစ်သည်။

“လူတွေက TNI ဆိုရင် ပြန်ရောင်းရ မျက်နှာငယ်တယ်ဆိုပြီး ဖြစ်နေကြတာ။ ဒါကြောင့်လည်း ဈေးနည်းနေတာပဲ” ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် ‘ယ’ နံပါတ်၊ TNI နံပတ်ပါ ဆိုင်ကယ်အများဆုံး စီးနင်းကြသည်။

‘ယ’ နံပါတ်ပါ ဆိုင်ကယ်များ ဈေးမြောက်နေခြင်းမှာ အခြားတိုင်းနှင့်ပြည်နယ်မှ ဝယ်ယူသူများခြင်းကြောင့် ဖြစ်သလို ထားဝယ်ဒေသတွင် တိုက်ပွဲနှင့် ပဋိပက္ခအခြေအနေများနှင့်လည်း သက်ဆိုင်ကြောင်း ထားဝယ်မြို့ရှိ အခြားဝယ်ရောင်းတစ်ဦးက ဆိုသည်။

တိုက်ပွဲနှင့် ပဋိပက္ခကြောင့် နယ်ဘက်တွင် ဆိုင်ကယ်သွားမဝယ်ရဲတော့သလို လာရောင်းသူလည်း နည်းပါးသွားကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ဈေးကွက်အတွင်း ဆိုင်ကယ်နည်းသွားပြီး ဝယ်လက်က များနေခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုက မြို့ပြင်ကိုတောင် ထွက်ဖို့ မလွယ်တော့ မြို့ထဲမှာနေတဲ့သူ အချင်းချင်းပဲ ရောင်းလိုက် ဝယ်လိုက် လုပ်နေကြသလို ဖြစ်နေတာ” ဟု အထက်ပါ ဝယ်ရောင်းသမားက ဆိုသည်။

ကလစ်ဆိုင်ကယ်များ ဈေးမြောက်နေသည့်နည်းတူ အခြား Wave I ဖား၊ ရွှေလှိုင်း၊ ရေလှိုင်း၊ ကနုတ် စသည့် ဆိုင်ကယ်ဈေးနှုန်းများလည်း လိုက်ခုန်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။