ဗီဇာလျှောက်သူကို ပြန်ပေးဆွဲပြီး ခရစ်(ပ်)တိုငွေ ညှစ်သဖြင့်ဆိုကာ ထိုင်းလဝကအရာရှိများကို ဖမ်းဆီး

0
2438

ဗီဇာလျှောက်သူ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် ၎င်း၏ထိုင်းလူမျိုး ဝန်ထမ်းတစ်ဦးကို ပြန်ပေးဆွဲ၊ ငွေညှစ်ခြင်းကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိလေးဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၆၂ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးနှင့် ၎င်း၏ဘာသာပြန်အဖြစ် အလုပ်လုပ်နေသော အသက် ၃၈ နှစ်အရွယ် ထိုင်းအမျိုးသမီးကို ပြန်ပေးဆွဲခေါ်ဆောင်သွားသည်ဟုဆိုကာ စွပ်စွဲခံထားရသည့် လူဝင်မှုကြီးကြပ်ရေးအရာရှိ လေးဦးအား အဆိုပါနေ့တွင်း ဝရမ်းဖြင့် ဖမ်းဆီးလိုက်သည့် သတင်းနှင့် အတူ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည် သတင်းခေါင်းကြီးပိုင်းတွင် ထပ်မံပါဝင်လာပြန်ပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပတ်၊ မတ်လ ၁၀ ရက်နေ့တွင် ဗီဇာသက်တမ်းတိုးခြင်းကို ချန်ဝထနာရှိ အစိုးရရုံးများ အဆောက်အအုံတွင်း လူဝင်မှုကြီးကြပ်ရေးရုံးမှ ထူးဆန်းစွာ ပယ်ချခဲ့ဟုဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသားနှင့်ဝန်ထမ်းသည် တည်းခိုရာသို့ ပြန်ရောက်ပြီး မကြာမီ အမျိုးသားများ စီးနင်းလိုက်ပါလာသည့် ယာဉ်သုံးစီး ရောက်ရှိလာကာ ၎င်းတို့ကို ပြန်ပေးဆွဲပြီး ထိုင်းဘတ် ၂သန်း (အမေရိကန်ဒေါ်လာ ၆၆,၀၀၀) ဝန်းကျင် တန်သည့် ခရစ်ပ်တိုငွေကြေးကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ဤသို့ ကြုံတွေ့ခဲ့ရစဉ် အဆိုပါ တရုတ်နိုင်ငံသားသည် ပြန်ပေးဆွဲသူများ တောင်းသည့် ငွေကို ထိုင်းဘတ် ၁ သန်းအထိ ညှိယူခဲ့ရပြီး ၎င်း၏ ဝန်ထမ်း ကမူ ယခုဖြစ်စဉ်တွင်း ယင်းအလုပ်ရှင်၏ မိတ်ဆွေ နှင့် ယာဉ်မောင်း ဖြစ်သူ သည် ကြံရာပါ ဖြစ်နိုင်ကြောင်း ယုံကြည်နေသည်။

နောက်ပိုင်းမှ လဝကအရာရှိ လေးဦး ဟု ဖော်ထုတ်နိုင်ခဲ့သည့် အဆိုပါ ပြန်ပေးဆွဲသူများကို ငွေပေးဆောင်ပြီးနောက် ဓားစာခံနှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ဆူရာချက် ဟာ့ပါလ် (Surachet Hakpal) က ဆိုသည်။ အဆိုပါ လဝကအရာရှိများကို ရာထူးမှ ရပ်ဆိုင်းပြီးနောက် ငွေညှစ်ခြင်းနှင့် ဝန်ထမ်းကျင့်ဝတ်ဖောက်ပြားမှု ဆိုင်ရာ စွဲချက်တို့ဖြင့် ၎င်းတို့ကို ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သည်။

ဆူရာချက် သည် ယနေ့ ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့တွင်းမှ ကျူးလွန်ခဲ့သည့် အဆိုပါ ရာဇဝတ်မှုအပေါ် ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သော်လည်း သက်ဆိုင်ရာ လဝကအရာရှိများ၏ အမည်များကိုမူ ချန်လှပ်ခဲ့သည်။

နောက်ပိုင်းတွင် ဘာသာပြန် အမျိုးသမီးက ဒင်းဒန်းခရိုင်ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ပြီးမှသာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည့် တရုတ်နိုင်ငံသားသည် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ပြီး ယခုအထိ  အဆက်အသွယ်မရရှိသေးကြောင်း ဆူရာချက် ၏ ပြောကြားချက်အရ သိရသည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ပုံရိပ်ကို ပျက်ပြားစေနိုင်သောကြောင့် အရာရှိများအနေနှင့် ပြင်းထန်သော ရာဇဝတ်မှု တွင်း ပါဝင်ပတ်သက်လိုသည့် စေ့ဆော်မှုများကို တွန်းလှန်ရန်  ဗိုလ်ချုပ်ကြီး ဒမ်ရုန်ဆက် ကစ်တီပရာပတ်စ် (Damrongsak Kittiprapas) က ညွှန်ကြားခဲ့သည်။