စစ်သင်္ဘောရှိနေသဖြင့် ကျောက်နီမော်ရွာအနီးက ငါးဖမ်းလှေအချို့ ကမ်းမကပ်ရဲဟုဆို

0
2678
ပုံစာ - ကျောက်နီမော်ရွာ

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ၊ ကြက်လွှတ်ရွာနှင့် ရှင်မော်စေတီအနီးတွင် စစ်သင်္ဘောတစ်စီး ရှိနေသဖြင့် ကမ်းမကပ်ရဲသည့် ငါးဖမ်းလှေအချို့ရှိနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါစစ်သင်္ဘောသည် မတ်လ ၂၁ ရက်က အောက်ကျောက်ဝပ်ကျေးရွာသို့ ဝင်ရောက်ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ထိုနေ့တွင်ပင် အောက်ကျောက်ဝပ်နှင့် ညောပြင်ရွာရှိ နေအိမ်တစ်ရာကျော်ကို စစ်သင်္ဘောပါ စစ်ကောင်စီတပ်ဖွဲ့ဝင် တို့က မီးရှို့ခဲ့ပြီး ဒေသခံတစ်ဦးကိုလည်း ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့သည်။

ယင်းနောက် ယနေ့အချိန်အထိ အနီးအနားရှိ ရေပြင်တွင်လှည့်ပတ်သွားလာနေကြောင်း ဒေသခံအချို့က ပြောသည်။

“ကမ်းမကပ်ရဲတာက သူတို့ကို (စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့) ပိုက်ဆံမသွင်းထားတဲ့ လှေတွေ။ ပိုက်ဆံသွင်းထားပြီး လှေတွေကတော့ ကပ်လို့ရတယ်” ဟု ဒေသခံ ‌ငါးဖမ်းလှေပိုင်ရှင် မိသားစုဝင်တစ်ဦးကဆိုသည်။

ပျူစောထီးအားကောင်းသည့် ကျောက်နီမော်ကျေးရွာအနီးက ငါးဖမ်း‌လှေပိုင်ရှင်များထံမှ ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကို ငွေကြေးတောင်းခံလေ့ရှိပြီး ငွေကြေးပေးမှာသာ ပင်လယ်သို့ ငါးဖမ်းထွက်ခွင့်ရကြောင်း ဒေသခံရေလုပ်သားတို့က ပြောဆိုကြသည်။

အချို့ကျေးရွာတို့ကမူ ပျူစောထီးအဖွဲ့ကို ပိုက်ဆံမသွင်းဘဲ ငါးဖမ်းထွက်သူများလည်းရှိသည်ဟုဆိုသည်။

လက်ရှိတွင် စစ်သင်္ဘောမှာ ငါးဖမ်းလှေများဆိုက်ကပ်သည့် နေရာများအနီးဝန်းကျင်တွင် ခုတ်မောင်းသွားလာနေသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ကမ်းမကပ်ရဲခြင်းဖြစ်ကြောင်း လှေပိုင်ရှင်မိသားစုဝင်တစ်ဦးကပြောသည်။

“အခုက စိတ်ပူနေရတယ်။ ရိက္ခာအတွက်စိတ်ပူတာမဟုတ်ဘူး။ ရိက္ခာက တစ်စီးမရှိတစ်စီးမျှစားလို့ ရသေးတယ်။ အခုက ဖုန်းအဆက်အသွယ်လည်းမရတော့ ဖမ်းခံလိုက်ရတာလားဆိုပြီး စိတ်ပူနေတာ” ရေလုပ်သားမိသားစုဝင်တစ်ဦးက ဆိုသည်။

ဇလွတ်၊ ကျောက်နီမော်၊ ညောပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်မတပ် စသည့် ရှင်မော်စေတီအနီးရှိ ကျေးရွာများအားလုံးသည် ရေလုပ်ငန်းဖြင့် အသက်မွေးသည့် ကျေးရွာများဖြစ်သည်။