သရက်ချောင်း ရငဲရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟောင်းဆိုသူ အမျိုးသားပစ်သတ်ခံရ

0
2283

ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် လက်နက်ဖြုတ်သိမ်းခံထားရသည့် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။

သေဆုံးသူမှာ အသက် ၆၀ ‌ဝန်းကျင်အရွယ် ဦးဂွတိုဆိုသူဖြစ်ပြီး နေအိမ်တွင်ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

“အိမ်ရှေ့မှာလမ်းလျှောက်နေတဲ့အချိန် မျက်နှာစည်းတွေနဲ့လူတွေ ဆိုင်ကယ်နဲ့ရောက်လာပြီးပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဦးဂွတိုမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ၎င်းတို့တစ်ဖွဲ့လုံးကို စစ်ကောင်စီက လက်နက်ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

လက်နက်ဖြုတ်သိမ်းခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဒေသခံများကို အန္တရာယ်မပေးရန် သတိပေးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

“သူက အခုနောက်( လက်နက်ဖြုတ်သိမ်းခံရပြီးနောက်ပိုင်း) သတင်းပေးမပေးဆိုတာတော့ မသိဘူးပေါ့နော်။ နောက်ကွယ်ကနေ ဖုန်းနဲ့သတင်းပေးနေရင်လည်း မသိနိုင်ဘူးလေ” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဒေသခံအချို့ကမူ ဦးဂွတိုအား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း‌ပြောဆိုကြပြီး အချို့ကမူ ပျူစောထီးအဖွဲ့ဝင်‌တစ်ဦးဦးက အချက်အလက်ပေါက်ကြားနိုင်သဖြင့် လာရောက်ပစ်ခတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ထင်မြင်ယူဆနေကြသည်။

ရငဲရွာနှင့် အနည်းငယ်လှမ်းသည့် ပျူစောထီးအားကောင်းသော ပဲကျေးရွာပျူစောထီး‌ခေါင်းဆောင်တစ်ဦးက လက်နက်ဖြုတ်သိမ်းခံရသူများကို ပြန်လည်ခေါ်ယူပြီး လက်နက်ကိုင်အဖွဲ့ပြန်ဖွဲ့ရာတွင် ဦးဂွတိုအား အစည်းဝေးတက်ရန် ခေါ်ခဲ့ဖူးကြောင်းဆိုသည်။

သို့သော်ဦးဂွတိုမှာ ငြင်းခဲ့သဖြင့် အချက်အလက်ပေါက်ကြားနိုင်သည်ဟုဆိုကာ ပျူစောထီးအဖွဲ့ကပင် လာရောက်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ယူဆနေခြင်းဖြစ်သည်။

“အခုက ဘယ်သူလုပ်လဲမသိဘဲဖြစ်နေတယ်။ တစ်ချို့ကလည်း PDF ကလုပ်တယ်၊ တစ်ချို့ကလည်း သူတို့အချင်းချင်းထဲကပဲ လုပ်တယ်အမျိူးမျိူးပြောနေကြတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

 ဦးဂွတိုသည် အာဏာမသိမ်းခင်ကတည်းက မှတ်ပုံတင်လုပ်ပေးသည့်ပွဲစားတစ်ဦးဖြစ်ပြီး ‌နာမည်ဆိုးထွက်သူဖြစ်ကြောင်း အာဏာသိမ်းပြီးနောက်ပိုင်းလည်း ယင်းအလုပ်ကို ဆက်လုပ်ကိုင်ခဲ့သေးကြောင်းဆိုသည်။