သောကြာပြင်ရွာတွင် မိုင်းပေါက်၊ ပစ်ခတ်မှုများဆက်ဖြစ်

0
2977

လောင်းလုံးမြို့နယ် သောကြာပြင်ရွာတွင် ယနေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး မွန်းလွဲပိုင်းတွင် ပစ်ခတ်မှုများဆက်ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သောကြာပြင်ရွာမှာ စစ်ကောင်စီတပ်ဂိတ်စခန်းချ နေရာယူတပ်စွဲထားသည့် ကမြောကင်းတံတားအနီးတွင်တည်ရှိသည်။

ကမြောကင်း တံတားသစ်ကို စစ်ကောင်စီက ဖွင့်ပွဲလုပ်ရန်ပြင်ဆင်နေပြီး အနီးဝန်းကျင်ရွာများကို စစ်ကြောင်းထိုးဝင်ရောက် နေရာယူထားသည်။

သောကြာပြင်ရွာဆိုင်းဘုတ်နှင့် ထိန်သစ်ရွာဆိုင်းဘုတ်ကြား တံတားငယ်အနီး ယနေ့ မတ်လ ၂၂ ရက် နံနက် ၁၀နာရီ ၁၅ မိနစ်ခန့် ပေါက်ကွဲမှုဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။

မိုင်းထောင်နေစဉ် ပေါက်ကွဲသည်ဟု သတင်းထွက်ပေါ်နေပြီး ထိခိုက်သူ အချို့ရှိသည်ဟုလည်း ကြားရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းမပေါ်မှာ သွေးနဲ့ အသားစတွေ လွင့်စင်နေတာမြင်ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်တို့ကို မသိရသေးသလို ထိခိုက်မှုအခြေအနေကိုလည်း သီးခြားအတည်မပြုနိုင်သေးပေ။

မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် ၁၀ နာရီခွဲခန့်တွင် ကမြောကင်းတံတားပိတ်ချလိုက်ပြီး နေ့လယ် ၁၂ နာရီကျော်တွင် ပြန်ဖွင့်ပေးခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် သောကြာပြင်ရွာအနီးဝန်းကျင်က နခံတောရွာနှင့် ခမောင်းတောင်၊ ထိန်တွင်းရွာဘက်ကိုစစ်ကောင်စီတပ် ဝင်ရောက် ရှာဖွေကြောင်း ဒေသခံအချို့က ဆိုသည်။

မွန်းလွဲ ၂ နာရီနှင် ၃ နာရီကြားတွင် နခံတောရွာဘက်မှ ပစ်ခတ်သံများကြားရပြီး စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်ခတ်မှုကြောင့် ထိခိုက်မှု ရှိမရှိ အခြေအနေကို မသိရသေးပေ။