ဘန်ကောက်တွင် မြန်မာနှင့်ထိုင်းလုပ်သားနှစ်ဦး ရေလှောင်ကန်အတွင်း ဓာတ်လိုက်သေဆုံး

0
2357

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ကွန်ဒိုတစ်ခု၏ ခေါင်မိုးပေါ်ရှိ ရေလှောင်ကန်အတွင်း မြန်မာအလုပ်သမားတစ်ဦးနှင့် ထိုင်းအလုပ်သမားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ခုနစ်မီတာခန့်မြင့်သော ကွန်ကရစ်ရေလှောင်ကန်အတွင်း သန့်ရှင်းရေးပြုလုပ်နေသော အလုပ်သမားနှစ်ဦး ဓာတ်လိုက်ကာ သတိလစ်နေကြောင်း ဖော်ပြသည်။

ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိချိန်တွင် အသက် ၅ဝအရွယ်ရှိ ထိုင်းအလုပ်သမားနှင့် အသက် ၄၅ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတို့ကို နှလုံးပြန်ခုန်လာစေရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ သေဆုံးသွားကြောင်း ရေးသားထားသည်။

မီးလောင်ကျွမ်းထားသဖြင့် အရည်ပျော်နေသော မီးပလပ်ခေါင်းတစ်ခုနှင့် ရေကန်သန့်ရှင်းရေးတွင် သုံးထားသော ရေပိုက်ခေါင်းတို့ကို ရေကန်အတွင်း တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

ရေလှောင်ကန်ကို ဆေးကြောနေချိန် လျှပ်စစ်မီးရှော့ဖြစ်သည့်အသံကို ကြားရပြီးနောက် မီးခိုးနှင့် ညှော်နံ့များ ထွက်လာသဖြင့် ကျန်အလုပ်သမားများက မီးပိတ်ပြီး ကြည့်ရာမှ ၎င်းတို့နှစ်ဦးကို တွေ့ရှိခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းနောက် အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သေဆုံးသွားသော အလောင်းများကို ရင်ခွဲစစ်ဆေးရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Thairath, Siamrath, CH 8