မင်းထိန်ရွာမှ ထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိဟုဆို

0
2348

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) လက်အောက်ခံ တောကြီးမြွှေဟောက်အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

စစ်ကြောင်းသည် မတ်လ ၁၉ ရက်ကပင် မင်းထိန်ရွာတွင်သို့ ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ပြီး ဒေသခံများကိုလည်း ဖမ်းဆီးမှုများရှိခဲ့သည်။

ယင်းနောက် စစ်ကြောင်းမှာ မတ်လ ၂၁ ရက်တွင် မင်းထိန်ရွာမှ ပြန်လည်ထွက်ခွာချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“မိုင်းဆွဲသံတွေ နှစ်ဖက်ပစ်ခတ်သံတွေကြားရတယ်” ဟု မင်းထိန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မတ်လ ၁၉ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင် ခြေလျင်ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို မင်းထိန်ရွာနှင့် ပဝတ်ဖျားရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု တောကြီးမြွေဟောက်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မိုင်းခြောက်လုံးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲ တစ်နာရီခန့်ကြာ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်ဘက်ကမူ တစ်ဦး ရှပ်ထိဒဏ်ရာရကာ မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ရေးသားထားသည်။

ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါတိုက်ပွဲကို KNDO တပ်ဖွဲ့၊ တောကြီးမြွှေဟောက်တပ်ဖွဲ့ (King Cobra Force) ၊ PDF တပ်ခွဲ ၃၊ K-PDF တပ်ဖွဲ့၊ နဂါးမင်းတပ်ဖွဲ့နှင့် ကွန်မန်ဒိုပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မတ်လ ၁၉ ရက်က မင်းထိန်ရွာအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီး ဒေသခံ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသားလေးဦးတို့ကို ဖမ်းဆီးပြီး ပုလောမြို့ရှိတပ်ရင်းသို့ ခေါ်ဆောင်စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုထားသည်။

စစ်ကြောင်းဝင်ရောက်ပြီးနောက် ဖမ်းဆီးမှုများကြောင့် ဒေသခံများမှာ အခြားနေရာများသို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ရွာမှာက ခုဆိုမိန်းလမ်းဖက်က အိမ်တွေ လူမရှိတော့ဘူး။ ငွေကြေးအတန်အသင့်ရှိတဲ့လူတွေလည်း မြို့ပေါ်ပြောင်းပြေးကုန်ုပြီ။ လက်လုပ်လက်စား ဆင်းရဲသားတွေ ပဲကျန်ခဲ့တာ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများကို မိသားစုကလည်း တွေ့ခွင့်မရသေးဟု ကြားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ပုလောမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့်အတွက် ခရီးသွားပြည်သူများ သတိထားသွားလာကြရန်၊ စစ်ကောင်စီတပ်ယာဉ်တန်းအပါအဝင် ပျူစောထီး၊ ဒလန်များနှင့်လည်း ဝေးဝေးနေကြရန်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

မင်းထိန်ရွာသည် ပုလောမြို့အနီးတွင် တည်ရှိသည်။