ကမြောကင်းတံတားဟောင်း သွားလာခွင့်ပိတ်ထား၊ တံတားသစ်ကို ယနေ့ဖွင့်ပွဲလုပ်သည်ဟုသတင်းထွက်

0
2759

လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့အား ဆက်သွယ်ထားသည့် ကမြောကင်းတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ဒေသခံခရီးသွားပြည်သူများထံမှ သိရသည်။

ယနေ့ မတ်လ ၂၂ ရက် နံနက် ၁ဝနာရီခွဲခန့်ကစပြီး ကမြောကင်းတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ကမြောကင်းတံတားသစ် ဖွင့်ပွဲပုံစံမျိုး ကျင်းပနေသည်ကို တွေ့ရသည်ဟုလည်း မျက်မြင် တွေ့ရှိသူများ၏ ပြောကြားချက်အရသိရသည်။

“တံတားပေါ်မှာ ဘင်ခရာအဖွဲ့တွေ့ရှိတယ်။ အခမ်းအနားမှူးက ကြေညာနေတာလည်း ကြားရတယ်။ လူကြီးတွေလည်း (စစ်ကောင်စီ ပြည်ထောင်စုအဆင့် ဒုဝန်ကြီး) ရှိတယ်။ ဖဲကြိုးဖြတ်တာလည်းတွေ့တယ်။ တံတားဖွင့်ပွဲလုပ်နေတဲ့ပုံစံပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တံတားသစ်ဖွဲ့ပွဲမှာ မတ်လ ၂၇ ရက်ဝန်းကျင်တွင် ကျင်းပမည်ဟု သတင်းထွက်နေခြင်းဖြစ်သည်။

သို့သော် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ယနေ့တွင် ရုတ်တရက် ဖွင့်ပွဲလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ယနေ့နေ့လယ်ပိုင်းတွင် ထပ်မံစုံစမ်း ရရှိသော သတင်းအချက်အလက်အရ ကမြောကင်းတံတားသစ် ဖွင့်ပွဲကျင်းပနေသည်မှာ မဟုတ်ကြောင်း၊ တံတားသစ်ဖွင့်လှစ်မည့် နေ့ရက်ကို စစ်ကောင်စီက လျှို့ဝှက်ထားသဖြင့် ဖွင့်မည့်ရက်ကို မခန့်မှန်းနိုင်သော်လည်း ယခုရက်ပိုင်းအတွင်း ဖြစ်နိုင်ကြောင်း စုံစမ်းသိရှိရသည်။ (ထပ်မံဖြည့်စွက်ချက်)

ယင်းဖွင့်ပွဲကျင်းပပြီးနောက် နာရီပိုင်းအကြာတွင် ထားဝယ်မြို့အနီး ပေါက်ကွဲသံ သုံးလေးချက်ခန့်ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ပေါက်ကွဲပြီးနောက်တွင် တံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းပေါက်ကွဲမှုအခြေနေကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

တံတားပိတ်ထားခြင်းကြောင့် လောင်းလုံးနှင့် ထားဝယ်ဘက်ခြမ်းတွင် ဒေသခံခရီးသွားပြည်သူများ ရာနှင့်ချီပိတ်မိနေကြောင်း ခရီးသွားပြည်သူတို့ထံမှ သိရသည်။

****ထပ်မံဖြည့်စွက်ချက်****

တနင်္သာရီတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကမူ ယနေ့ တံတားသစ် ဖွင့်ပွဲပြုလုပ်ခြင်း မရှိကြောင်း ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြောဆိုသည်။ သို့သော် တံတားပေါ်တွင် ယနေ့ နံနက်က လုပ်ဆောင်သည့် အခြေအနေနှင့်ပတ်သက် ထုတ်ဖော်ပြောကြားခြင်း မရှိသလို တံတားဖွင့်ပွဲ ကျင်းပမည့် ရက်ကိုလည်း ဖြေကြားခြင်း မရှိပေ။

ယနေ့ ၁၂ နာရီကျော်တွင် တံတားဟောင်းကိုလည်း ပြန်လည်ဖြတ်သန်းသွားလာခွင့် ရနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။