ဘီးလင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦးဒဏ်ရာရ

0
2354

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်အထက်စုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၂ဝရက် နံနက် ၁၀ နာရီနှင့် ညနေ ၆ နာရီတို့တွင် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမဘေးရှိ သံတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် KNU ပူးပေါင်းတပ်ဖွဲ့တို့က နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် သံတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ကင်မွန်းစခန်းရှိ စစ်ကောင်စီတပ် လက်နက်ကြီးအထိုင်ထားသည့်နေရာတို့က ည ၇ နာရီခွဲဝန်းကျင်တွင် လူနေကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“သူတို့စခန်း တိုက်ခိုက်ခံရပြီးဆိုရင် ဒီလိုပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တော့တာ။ တစ်ခါတလေ ဘာတိုက်ပွဲ ဘာတိုက်ခိုက်မှုမှမရှိလည်း ရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်သည် ကရဝေးဆိပ်အထက်စုကျေးရွာရှိ ဦးအောင်လွင်ဆိုသူ၏ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့ ပေါက်ကွဲသဖြင့် နေအိမ်ပေါ်တွင်ရှိနေသည့် အသက် ၅၀ နှစ်အရွယ် ဦးကုလားဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဦးအောင်လွင်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ၎င်း၏ဇနီးဖြစ်သူ ကိုယ်ဝန်သည်မှာလည်း ကျည်စထိမှန်ဒဏ်ရာ ရရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဒဏ်ရာပြင်းထန်သည့် ဦးအောင်လွင်ကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်သို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးသွားပြီး ဦးအောင်လွင်၏ ဇနီးမှာမူ ဆေးကုသမှုခံယူနေရကြောင်း ၎င်းတို့ထံမှ သိရသည်။

မတ်လ ၁၈ ရက် ညနေပိုင်းတွင်လည်း သထုံအခြေစိုက်အမြှောက်တပ် ၃၁၄ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ် သောကြောင့် အဝင်းကြီးကျေးရွာဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

မတ်လ ၈ ရက်ကမူ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ် ခလရ-၂၄ တပ်ရင်းက ကျုံမိန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးနှစ်ဦးသေဆုံးပြီး၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလအတွင်းကလည်း သထုံမြို့နယ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။