လောင်းလုံး အောက်ကျောက်ဝပ်နှင့် ညောပြင်တွင် နေအိမ်တစ်ရာကျော် မီးလောင်၊ ဒေသခံတစ်ဦးပစ်သတ်ခံရ

0
2605

လောင်းလုံးမြို့နယ် ‌အောက်ကျောက်ဝပ်ရွာနှင့် ညောပြင်ရွာတို့တွင် ယနေ့ မတ်လ ၂၁ရက် ညနေ ၇ နာရီခန့်အထိ နေအိမ်များ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ညောပြင်နှင့် အောက်ကျောက်ဝပ်ရွာကို စစ်ကောင်စီတပ်က ရေကြောင်းက ဝင်ရောက်လာပြီး ယနေ့ နေ့လယ်ပိုင်းက နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညနေ ၄ နာရီခန့်တွင် ရွာမှထွက်ခွာသွားပြီးနောက် ဒေသခံအနည်းငယ်က ရွာထဲဝင်လာပြီး မီးငြှိမ်းသတ်နေကြ‌ကြောင်း ပြောဆိုသည်။

“အခုထိ မီးလောင်နေတုန်းပဲ။ တိုက်အိမ်တွေထဲမှာဆို မီးရှိန်အရမ်းပြင်းလို့ ဝင်သတ်လို့မရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မီး‌ရှို့ခံရမှုကြောင့် ညောပြင်ရွာတွင် နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးပြီး အောက်ကျောက်ဝပ်ရွာတွင်မူ ၄၀ ခန့် ရှိနိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

နေအိမ်မီးလောင်သွားသည့်စာရင်း တိတိကျကျသိရရန် ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

“မီးလောင်တဲ့အိမ်တွေထဲမှာဆိုရင် သိန်းလေးငါရာ အကုန်ခံပြီး ဆောက်ပြီးကာစအိမ်တွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းအပြင် အောက်ကျောက်ဝပ်ရွာရှိ ဒေသခံအမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ဒေသခံတို့က ဆိုသည်။

သေဆုံးသူမှာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ကိုအောင်စိုးမင်းဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ရွာထဲမီးငြှိမ်းသတ်ရန်သွားချိန် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ကနဦးသိရသည်။

စစ်ကောင်စီတပ်က ရွာမှထွက်ခွာသွားပြီဖြစ်သော်လည်း ဒေသခံအများစုမှာ ‌မပြန်ရဲကြသေးသဖြင့် အသေးစိတ်အချက်အလက်များကို ရရှိရန် ခက်ခဲနေဆဲဖြစ်သည်။

ထွက်ခွာသွားသည့် စစ်ကောင်စီတပ်သည် ရွာနှင့် မနီးမဝေး ရှင်မော်စေတီအနီးရှိ ကျွန်းတစ်ကျွန်းပေါ်တွင် စခန်းချထားကြောင်း ဒေသခံအချို့က ပြောဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။