ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၃ ဦးအသတ်ခံရမှုအတွက် သံသယရှိသူ ၅ ဦးကို ဖမ်းဆီး

0
2464

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်ရှိ စွန်ပစ်အမှိုက်ပုံတွင် တွေ့ရှိရသော မြန်မာအလုပ်သမား ၃ ဦး၏ အလောင်းနှင့်ပတ်သက်ပြီး သံသယရှိသူ ထိုင်းနိုင်ငံသား ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့များက မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စွန်ခရာခရိုင်ရှိ စွန့်ပစ်အမှိုက်ပုံတွင် မြန်မာအလုပ်သမားများဟု ယူဆရသော ဆက်ကျော်သက်လူငယ်တစ်ဦး အပါအဝင် အလောင်း ၃ လောင်းကို ထိုင်းအမှိုက်ကောက်သမားတစ်ဦးက မတ်လ ၁၅ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းတစ်လောင်းတွင် လက်နှင့် ခြေထောက်များကို အဝတ်များဖြင့် ချည်နှောင်ထားပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာရှိနေသည်ကိုတွေ့ရှိရကာ ကျန်နှစ်ဦးမှာ ရိုက်နှက်ဒဏ်ရာများရှိနေခဲ့ခြင်းဖြစ်သည်။

၎င်းနေရာသည် မြန်မာအလုပ်သမားများကို မလေးရှားသို့ ပို့ဆောင်နေစဉ် နားခိုသောနေရာဖြစ်နေပြီး အလောင်းများအနီးတွင် လုံချည်များကိုတွေ့ရကာ လက်တွင်လည်း ပွဲစားအမှတ်အသား လက်ပတ်အနီရောက်ကိုပါ တွေ့ရှိခဲ့ရသဖြင့် မြန်မာအလုပ်သမားဖြစ်နိုင်သည်ဟု ကနဦးကောက်ချက်ချကာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာအနီးတစ်ဝိုက်ရှိ CCTV မှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ အဆိုပါနေရာသို့ အဝင်အထွက် ရှိခဲ့သော ကား ၃ စီးကို ရဲတပ်ဖွဲ့မှ သိရှိခဲ့ပြီးနောက် သံသယရှိသူ ၅ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ကာ မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မတ်လ ၁၄ ရက်နေ့ ညပိုင်းတွင် မြန်မာအလုပ်သမားများကို စမွတ်ပရကန်ခရိုင်မှတစ်ဆင့် အလုံပိတ်ကားများဖြင့် ခေါ်ဆောင်လာခဲ့ပြီး အာရှလမ်းအတိုင်းမောင်းနှင်လာခဲ့ကြောင်း၊ ကားတစ်စီး၏ အနောက်အလုံပိတ်အခန်းတွင်း၌ မြန်မာအလုပ်သမားများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားသံများ ကြားခဲ့ရပြီး တံခါးဖွင့်လိုက်ရာမှ ၃ ဦးသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထို့နောက် သေဆုံးသူများကို တောထဲ ပစ်ထားခဲ့ပြီး ကျန်သူများကို နောက်ကားနှစ်စီးဖြင့် မလေးရှားနယ်စပ် နာရထီဝတ်ခရိုင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ထွက်ဆိုချက်ကိုကိုးကားကာ မီဒီယာများတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသူများကို လူသတ်မှု၊ အလောင်းဖျောက်မှု၊ တရားမဝင် အလုပ်သမား ပို့ဆောင်မှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဖော်ပြထားသည်။

လူသတ်မှုနှင့် သက်ဆိုင်သော ကျန်မြန်မာအလုပ်သမားများမှာ ထိုင်းနယ်စပ်တွင် ပုန်းခိုနေထိုင်နေဆဲလား မလေးရှားသို့ ဝင်ရောက်ပြီလား ဆိုသည်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဘန့်ကလမ်းရဲတပ်ဖွဲ့က ပြောကြားထားသည်။

Ref: MGR Online, Matichon Online, Khaosod Online