ကျေးလက်နေသူများ မြို့ပေါ်ရွှေ့ပြောင်းမှုများလာ၍ ထားဝယ်မြို့‌ပေါ်တွင် အိမ်ခန်းငှားရခက်ခဲ

0
2495

ပဋိပက္ခနှင့်တိုက်ပွဲများကြောင့် ငွေကြေးတတ်နိုင်သော ကျေးလက်နေသူများ မြို့ပေါ်ရွှေ့ပြောင်းနေထိုင်မှုကြောင့် ထားဝယ်မြို့ပေါ်တွင် အိမ်ခန်းရှာရခက်လာသည်ဟု ထားဝယ်မြို့ရှိ အိမ်ခန်းငှားရမ်းသူများထံမှ သိရသည်။

ယခုနှစ်ဖေဖော်ဝါရီလမှ မတ်လ အတွင်းပို၍ သိသိသာသာ အိမ်ခန်းရှာဖွေ ငှားရမ်းသူများပြားလာကြောင်း အိမ်ခန်း ငှားသည့်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

“ကျွန်တော်မှာဆိုရင်ရှိသလောက် ကုန်နေပြီ “ဟု ၎င်းကပြောသည်။

ထားဝယ်မြို့ပေါ်ပြောင်းရွှေ့ နေထိုင်သူအများစုမှာ စစ်ကောင်စီတပ် မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်နေသည့် သရက်ချောင်းမြို့နယ်နှင့် လောင်းလုံးမြို့နယ်မှဖြစ်ပြီး အများစုမှာ မိသားစုအလိုက် လာရောက်ပြောင်းရွှေ့နေထိုင် ကြသူများဖြစ်သည်။

အိမ်ခန်းငှားရမ်းခ တန်ဖိုးအသင့်အတင့်ရှိသည့် ထားဝယ်မြို့သစ်တွင် အခန်းလုံးဝမရှိတော့သည့် အနေထားပင်ဖြစ်နေကြောင်း လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကပြောသည်။

“အမျိုးအိမ်မှာတည်းပြီး အိမ်ခန်းရှာတာ နှစ်ရက်တိတိကြာတယ် ရတဲ့နေရာမှာပဲနေရတယ်။ တန်ဖိုး(စျေးနှုန်း)တွေ ကြည့်မနေနိုင်တော့ဘူး”ဟု သူမကပြောသည်။

ထားဝယ်မြို့နှင့် အနီးအနားတွင် ဝန်ဆောင်မှု၊ နေရာထိုင်ခင်းအမျိုးအစားပေါ်မူတည်ပြီး အိမ်ခန်းငှားရမ်းခမှာ ကျပ်တစ်သိန်းဝန်းကျင်မှ ကျပ်နှစ်သိန်း နီးပါးအထိ ရှိနေသည်။

ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတွင် ထားဝယ်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှု ပိုမိုများပြားလာသည်နှင့် အမျှ စစ်ဘေးရှောင်သူများပြား လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကိုစစ်ကြောင်းထိုးရှာဖွေရာတွင် ကုန်းရေ နှစ်ဘက်ညှပ်၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးလက်ဒေသနေ ပြည်သူများမှာ အသက်အန္တရာယ်စိုးရိမ်ရ၍ နေအိမ်စွန့်ခွာထွက်ပြေး ကြရခြင်းဖြစ်သည်။

ယခုလတွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိသည်။

ထို့သို့စစ်ကြောင်းထိုးဝင်ရောက်ရာတွင် ဒေသခံများကို သတ်ဖြတ်ခြင်း၊နေအိမ်များကို မီးရှို့ခဲ့ ခြင်း၊ ရွှေငွေ အသုံးဆောင်ပစ္စည်းများကို မတရား ယူဆောင်သွားခြင်းများရှိနေသည်။