လောင်းလုံး အောက်ကျောက်ဝပ်ရွာလည်း မီးရှို့ခံရ

0
2476

‌ညောပြင်ရွာနှင့်ကပ်လျက်တွင်ရှိသည့် အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း နေအိမ်များ မီးရှို့ခံ‌နေရကြောင်း ဒေသခံတစ်ဦးက ယနေ့  ညနေ ၂ နာရီခန့်ကပြောသည်။

“ညောပြင်ရွာကိုရှို့ပြီးမှ အောက်ကျောက်ဝပ်မှာလာရှို့တာ။ ရွာအလယ်အပိုင်းကနေစပြီး ရှို့နေတယ်လို့ကြားရတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကပြောသည်။

အောာက်ကျောက်ဝပ်ကျေးရွာအနီး ပင်လယ်ပြင်တွင်မူ စစ်သင်္ဘောတစ်စီး ရပ်ထားထားကြောင်း ဒေသခံများကဆိုသည်။

လူမူကွန်ရက်ပေါ်တွင် ဒေသခံများမျှဝေထားသည့် ဓာတ်ပုံထဲတွင်လည်း စစ်သင်္ဘောတစ်စီးကိုတွေ့ရှိရသည်။

အဆိုပါ စစ်သင်္ဘောမှာ ယနေ့မနက်ပိုင်းကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး စစ်သင်္ဘောတွင်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

အောက်ကျောက်ဝပ်ရွာတွင်မူ ဆိုင်ကယ်၊ သုံးဘီးများကိုပါ သိမ်းဆည်းပြီး ကားဖြင့်တင်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

အောက်ကျောက်ဝပ်ရွာတွင်မူ ညောပြင်လောက် မီးရှို့ခံရသည့်နေအိမ်မများကြောင်း သိရသည်။

မီးလောင်ပျက်စီးသွားသည့် နေအိမ်မည်မျှရှိသည်ကိုမူ ယနေ့ညနေ ၃ နာရီခန့်အထိ မသိရသေးပေ။