ရွှေဈေးထပ်တက်၊ တစ်ကျပ်သား ကျပ်သိန်းသုံးဆယ်နီးပါးဖြစ်လာ

0
2593
Photo - propakistani.pk

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်နီးပါးအထိ ဈေးမြောက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မတ်လအစောပိုင်းက တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းစွန်းစွန်း (၂၈၂၀၀၀၀ ကျပ်) သာ ပေါက်ဈေးရှိရာမှ ယနေ့ မတ်လ ၂၀ ရက်တွင် နှစ်ဆယ့်ကိုးသိန်းသုံးသောင်းကျပ်အထိ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

တနင်္ဂနွေနေ့ (မနေ့) ကမူ ရွှေတစ်ကျပ်သားလျှင် ၂၉၉၆၀၀၀ ကျပ်အထိ ခုန်တက်သွားခဲ့သေးသည်။

အမေရိကန်နိုင်ငံရှိ Silicon Valley ဘဏ်နှင့် Signature ဘဏ်တို့ ပြိုလဲသွားပြီးနောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ တရိပ်ရိပ်တက်လာခဲ့သည်။

မတ်လ ၁၁ ရက်နေ့က ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၈၆၇ ဒေါ်လာပေါက်ဈေးရှိရာက မတ်လ ၂၀ ရက်တွင် ၁၉၇၅ ဒေါ်လာ ဈေးဖွင့်ထားသည်။

ကမ္ဘာ့ရွှေဈေးတက်လာသည့်အတွက် ပြည်တွင်းရွှေဈေးလည်း လိုက်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ရွှေဈေးတက်နေသည့်အတွက် ရွှေဝယ်သူနည်းလာပြီး အရောင်းအဝယ်ပါးနေကြောင်း ၎င်းက ဆိုသည်။

“ကမ္ဘာ့ရွှေဈေးက အရမ်းခုန်တက်သွားလို့ရှင့်။ ထားဝယ်မှာတော့ အဲဒီဈေးနဲ့ (ဝယ်သူတွေက) မဝယ်ကြဘူးရှင့်” ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ပြောဆိုသည်။

ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေဈေး ထိုးတက်နေချိန်တွင် ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းထားမှာ သိသိသာသာ မြင့်တက်ခြင်းမရှိဘဲ အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်နေဆဲဖြစ်သည်။