လောင်းလုံး သပြေရှောင်ရွာတွင် ရေလုပ်ငန်းတဲများမီးရှို့ခံရပြီး ဆိုင်ကယ်များသိမ်းဆည်းသွား

0
3456

လောင်းလုံးမြို့၏ တောင်ဘက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က သပြေရှောင်ကျေးရွာတွင် ရေလုပ်ငန်းတဲများကို မီးရှို့သွားပြီး ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ မတ်လ ၂၀ ရက် နံနက် ၅ နာရီခန့်တွင် ‌သပြေရှောင်ကျေးရွာ ထားဝယ်မြစ်ကမ်းပါးရှိ စန္ဒာဆိပ်ဟု ခေါ်သည့်နေရာက တဲဆယ်လုံးခန့်ကို စစ်ကောင်စီတပ်က မီးရှို့သွားကြောင်း ဒေသခံအချို့က ဆိုသည်။

“အဲဒီနားကတဲတွေအကုန်လုံးကို ရှို့သွားတာတဲ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စန္ဒားဆိုသည်မှာ ငါးဖမ်းလုပ်ငန်းအမျိုးအစားတစ်ခုဖြစ်သည်။ သပြေရှောင်ရွာသားအချို့သည် ထားဝယ်မြစ်ထဲတွင် စန္ဒားဖြင့် ငါဖမ်းကာ သား၊ ငါး၊ ငါးပိ၊ ပုစွန်ခြောက် စသည်တို့ကို ထုတ်လုပ်ရောင်းချပြီး အသက်မွေးကြသည်။

ဝါးလုံးများဖြင့် တည်ဆောက်ထားသည့် စန္ဒားများသည် ထားဝယ်မြစ်ထဲတွင်ရှိပြီး စန္ဒားသမားများ နားခိုသည့်တဲကိုမူ မြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားကြသည်။

စစ်ကောင်စီတပ်သည် ရေဖြူကျေးရွာအုပ်စု၊ ကဒက်ကြီး၊ ကြက်ယက်တွင်း ယင်းမှတစ်ဆင့် မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် သပြေရှောင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်း – ကဒက်ကြီးကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

ပထမဆုံး သပြေရှောင်ကျေးရွာအုပ်စုရှိ ဟင်းချိုတောရွာရှိ သုံးဘီးတစ်စီးအပါအဝင် ဆိုင်ကယ်ဆယ်စီးခန့်ကို သိမ်းဆည်းသွားကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ်ရွာထဲဝင်လာသဖြင့် တိမ်းရှောင်သွားကြသည့် ဒေသခံများ၏ ဆိုင်ကယ်များကို သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာသားတွေက စစ်တပ်လာပြီဆိုတော့ ရှောင်ကြတာပေါ့။ ဟင်းချိုတောအရှေ့ဘက်မှာ ဘုရားကုန်းလေးတစ်ခု ရှိတယ်။ အဲဒီမှာသွားရှောင်နေကြတာ။ စစ်တပ်က အဲဒီနေရာကိုရောက်လာလို့ လူတွေတော့ ထွက်ပြေးသွားတယ်။ ဆိုင်ကယ်တွေကျန်ခဲ့တာပေါ့” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ယင်းသို့ ထွက်ပြေးသွားသည့် ဒေသခံများ၏ ဆိုင်ကယ်များကို သိမ်းဆည်းသွားခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းနောက် သပြေရှောင်ကျေးရွာထဲ ဝင်ရောက်လာခဲ့ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် လယ်ကွင်းများကို ဖြတ်ကာ ထားဝယ်မြစ်ဘေးရှိ စန္ဒားဆိပ်ဘက်သို့ ဆင်းသွားကြောင်း ဒေသခံအချို့က ပြောသည်။

“အဲဒါပြီးမှာ စန္ဒားဆိပ်ကတဲတွေ မီးလောင်နေတာတွေ့ရတာပဲ။ တဲတွေက ဆက်ပြီးဆောက်ထားကြတယ်။ ပြီးတော့ နေကလည်းပူထားတော့ မီးလောင်အားကောင်းတော့ အကုန်လုံးပါသွားပြီလို့တော့ ထင်တာပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အင်းအား ၅၀ ခန့်ပါသည့် အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် သကျက်တော ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသချို့က ပြောဆိုကြသည်။

သပြေရှောင်ကျေးရွာတွင် စန္ဒားတဲများမီးရှို့ခံရပြီး ဆိုင်ကယ်များအသိမ်းခံရ‌ခြင်းရှိသော်လည်း ဖမ်းဆီးခံရသူ ရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။