မင်းထိန်ရွာသူရွာသား ခြောက်ဆယ်ကျော်စစ်ဆေးခံရပြီး ကိုးဦးဖမ်းဆီးခေါ်ဆောင်ခံရ

0
2314

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ရွာအတွင်းသို့ စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး ဒေသခံခြောက်ဆယ် ကျော်ကို စစ်ဆေးမေးမြန်းပြီးနောက် ကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာသားများထံမှ သိရသည်။

မင်းထိန်ရွာအတွင်းသို့ ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ရောက်ရှိလာပြီးနောက် ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားကြောင်း ရွာသားများက ပြောသည်။

“အားလုံး အမျိုးသား၊ အမျိုးသမီး ခြောက်ဆယ်ကျော်ကိုဖမ်းပြီး အိမ်ထောင်စု၊ မှတ်ပုံတင်စစ်ဆေးတယ်။ ကိုးဦးကတော့ ဖမ်းသွားတာပါ” ဟု ရွာသားတစ်ဦးက ပြောဆိုသည်။

အဖမ်းခံရသူ ကိုးဦးတွင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားသုံးဦးပါဝင်ကြောင်း ဒေသခံတို့က ဆိုသည်။

ဖမ်းဆီးခံရသူများတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးပါဝင်ပြီး ၎င်း၌ ငွေကျပ်သိန်း ၂၀ လည်း ပါသွားကြောင်း အဆိုပါအမျိုးသမီးနှင့် နီးစပ်သည့် ရွာသားအချို့က ပြောသည်။

စစ်ကောင်စီတပ် ရွာအနီးရောက်လာသဖြင့် ရွာရှိအမျိုးသားအားလုံးသည် တိမ်းရှောင်ခဲ့ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်မှာ ဘုန်းကြီးကျောင်းတွင်သာ တပ်စွဲထားပြီး စစ်ဆေးမေးမြန်းဖမ်းဆီးခြင်း မရှိဟုဆိုသဖြင့် အမျိုးသားအချို့ ရွာသို့ ပြန်လာခဲ့ကြကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ပြန်လာပြီးမှ ရွာခံအမျိုးသား၊ အမျိုးသမီးများကို ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရသိရသည်။

ဖမ်းဆီးခံရရာသူများတွင် ရွာသို့ ပြန်လာသည့် အမျိုးသားသုံးဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ဖမ်းဆီးခံရသူများကို ပုလောမြို့ ၂၈၅ တပ်ရင်းသို့ ယနေ့ ည ၆ နာရီဝန်းကျင်က ခေါ်ဆောင်သွားပြီဖြစ်ပြီး
မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ မသိရသေးဟု ဒေသခံများက ဆိုသည်။

ညနေ ၆နာရီဝန်းကျင်တွင် တပ်အပြောင်းအလဲ လုပ်သွားပြီး ပုလောဘက်သို့ တက်သွားသည့် စစ်ကြောင်းဖြင့် ဒေသခံများကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“အခုမိုးချုပ်မှ တပ်ပြန်လာချိန်းသွားတယ်။ အင်အားလည်း တိုးပြီးလာချသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မင်းထိန်ကျေးရွာ အနီးရှိ ပဝတ်ကုန်း၊ ကဒဲ၊ သင်္ကန်းတော စသည်ကျေးရွာများတွင် တိုက်ပွဲများကြောင့် လူမနေထိုင်ကြသည်မှာ ကြာပြီဖြစ်သည်။

မင်းထိန်ရွာတွင်အမူ ရွာအနီးဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်မှုအချို့ရှိခဲ့သော်လည်း ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသဖြင့် ပုံမှန်နေထိုင်နေကြသည့် ကျေးရွာဖြစ်သည်။