ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် ကားတစ်စီးပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရ

0
2691

တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ၊ ရေး-ထားဝယ်ကားလမ်း ၊ ဥဿရံရွာ ၊ မိုင်တိုင် ၂၃ အနီးတွင် အုတ်သယ်ကားတစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကားသမားဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသည်။

ဒဏ်ရာရသည့်အမျိုးသားသည် ရေဖြူမြို့နယ် သဲချောင်းကျေးရွာအုပ်စု သင်္ကန်းတောကျေးရွာတွင် နေထိုင်သူ အသက် ၃၀ အရွယ်ရှိ ကိုထွန်းထွန်းလေးဆိုသူဖြစ်သည်။

ကလိန်‌အောင်မြို့ဘက်မှ ရေဖြူမြို့ဘက်သို့ လာသည့် အုတ်သယ်ကားတစ်စီး မတ်လ ၁၇ ရက် ညနေပိုင်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ပစ်ခတ်သည့် အဖွဲ့ကို မသိရှိရသေးကြောင်း ဒေသခံအချို့ကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ကိုထွန်းထွန်းလေးတွင် ဝမ်းဗိုက်နှင့် ဦးခေါင်းအနောက်ဘက် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသနေရကြောင်း ၎င်းတို့ကပြောသည်။

“နေ့လယ် ၂ နာရီလောက်က ခွဲစိတ်ခန်းဝင်ပြီး ပြန်ထွက်လာပြီ “ ဟု ရေဖြူမြို့ဖောင်းတောရွာက ဒေသခံတစ်ဦးက မတ်လ ၁၈ ရက်ကပြောဆိုခဲ့သည်။

အဆိုပါပစ်ခတ်မှုကို မည်သူတို့က လုပ်ဆောင်ကြောင်း မသိရသေးပေ။

မတ်လ ၅ ရက်ကလည်း ရေး- ထားဝယ် ပြည်ထောင်စုလမ်းပိုင်းတစ်နေရဖြစ်သည့် ရေဖြူမြို့နယ် ကျောက်ရှပ်ရွာအနီးတွင် လမ်းအထူးအဖွဲ့ ၁၆ မှ ဝန်ထမ်းအချို့နှင့် ဒေသခံများလိုက်ပါလာသည့် ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ပြီး ၆ ဦးဒဏ်ရာရခဲ့ဖူးသည်။