တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2600

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ် ၁၁ ရက်နေ့မှ မတ် ၁၇ ရက်နေ့အထိ

ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီမှာ ရေဘေးကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံး

လွန်ခဲ့တဲ့လက ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ မြို့နှစ်မြို့မှာ ရေကြီးခဲ့လို့ လူ ၁၄ ဦးသေဆုံးပြီး အများအပြားပျောက်ဆုံးနေတယ်လို့ တာ၀န်ရှိသူတွေကနေ မတ် ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေထဲမှာ ငလျင်လှုပ်ခတ်ပြီးကတည်းက ကုန်သေတ္တာအိမ်တွေထဲမှာ နေထိုင်နေကြရတဲ့ ငလျင်ဘေးကနေ လွတ်မြောက်လာသူတွေလည်း ပါ၀င်ကြောင်းသိရပါတယ်။

ဆန်လူဖာမြို့ လမ်းတွေမှာ ရေကြီးရေလျှံမှုများကြောင့် ကားတွေမျောပါတိမ်းမှောက်ပြီး လူ ၁၂ ဦးသေဆုံးခဲ့တာပါ။

အာဒီယာမန်းမြို့မှာတော့ ကုန်သေတ္တာအိမ်ထဲတွင်နေထိုင်ကြတဲ့ မိသားစုနှစ်စုထဲက နှစ်ဦးသေဆုံးသွားပါတယ်။

ရေကြီးရေလျှံမှုကြောင့် မော်တော်ယာဉ်တွေထဲ လူတွေလည်း ပိတ်မိခဲ့ကြကာ သူတို့ကိုကူညီဖို့ကြိုးစားသူအချို့ပါ ရေစီးနဲ့ မျောပါသွားခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောခဲ့ပါတယ်။

Ref: BBC

………………………………..

ရုရှားတိုက်လေယာဉ်ရဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့် အမေရိကန်ဒရုန်းလေယာဉ် ပျက်ကျ

ရုရှားတိုက်လေယာဉ်တစင်းရဲ့ အဆင်မခြင်မောင်းနှင်ခဲ့မှုကြောင့် အမေရိကန်ဒရုန်းလေယာဉ်တစင်းဟာ ပင်လယ်နက်ထဲကို မတ် ၁၄ ရက်နေ့က ပျက်ကျခဲ့တယ်လို့ အမေရိကန်တာ၀န်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

MQ-9 Reaper အမျိုးအစား ဒရုန်းလေယာဉ်ပျက်မကျခင်မှာ ရုရှားတိုက်လေယာဉ်ဟာ အပေါ်ကနေ လောင်စာဆီတွေကို မဆင်မခြင်စွန့်ထုတ်ခဲ့တယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလမ်းကြောင်းဟာ နိုင်ငံတကာ လေယာဉ်ပိုင်နက်ထဲမှာ ရှိနေတယ်လို့ အမေရိကန်က ပြောပါတယ်။

ဒါဟာ ရုရှားလေယာဉ်မှူးရဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့်လို့ အမေရိကန်ကနေ စွပ်စွဲခဲ့တာပါ။

အမေရိကန်ဒရုန်းလေယာဉ်ဟာ ပျံသန်းမရတဲ့အပြင် ထိန်းချုပ်မရတော့တာကြောင့် ပင်လယ်နက်ထဲကို ဆင်းသက်အောင်လုပ်ဆောင်ခဲ့ရကြောင်း ပင်တဂွန် စစ်ဌာချုပ်ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့ပါတယ်။

ရုရှားဘက်ကတော့ အမေရိကန်မောင်းသူမဲ့လေယာဉ်ဟာ ရုရှားတိုက်လေယာဉ်နဲ့တိုက်မိတာမရှိဘဲ သူ့ဘာသာပျက်ကျတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC

………………………………..

ဂျပန်နဲ့ တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကျင်းပ

တောင်ကိုရီးယားနဲ့ ဂျပန် ထိပ်သီးခေါင်းဆောင် နှစ်ဦးရဲ့ ဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ် ထူထောင်နိုင်ခဲ့တယ်လို့ မတ်လ ၁၆ ရက်နေ့က ကြေညာခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေကနေ ပုံမှန် အပြန်အလှန် အလည်အပတ်ခရီးစဉ် အပါအဝင် ကာလရှည်ကြာ တင်းမာနေတဲ့ ကုန်သွယ်ရေးနဲ့ တခြား မပြေမလည် ဖြစ်နေတာတွေကို ဖြေလျှော့ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားသမ္မတ Yoon Seok Yeol နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ရဲ့ တိုကျိုမှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အခုလို ပြန်လည် ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ကြေညာခဲ့တာပါ။

ဒီတောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုးရဲ့ ဂျပန်ခရီးစဉ်ဟာ ၁၂ နှစ်အတွင်း တောင်ကိုရီးယား သမ္မတ တစ်ဦးရဲ့ ပထမဆုံးသော ခရီးစဉ်ဖြစ်ပါတယ်။

တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဂျပန်ဟာ တောင်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှု ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးဖို့ သဘောတူခဲ့ပါတယ်။

Ref: Aljazeera

………………………………..

မာလာဝီမှာ အပူပိုင်းမုန်တိုင်း ဖရက်ဒီကြောင့် သေဆုံးသူ ၃၀၀ ကျော်ခဲ့

အာဖရိက နိုင်ငံတွေဖြစ်တဲ့ မာလာဝီနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတို့မှာ အပူပိုင်းမုန်တိုင်း ဖရက်ဒီကြောင့် မတ် ၁၆ ရက်ထိ သေဆုံးသူ ၃၀၀ ကျော် တွေ့ရှိထားပြီး မုန်တိုင်းကြောင့် လူပေါင်း ၉၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

အထူးသဖြင့် နိုင်ငံတောင်ပိုင်းဒေသရှိ ခရိုင် ၁၀ ခုမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ မုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့ အကူညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

အပူပိုင်းမုန်တိုင်းဟာ လေးပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး လမ်းတံတားတွေ ပျက်စီးမျောပါတာတွေ သီးနှံစိုက်ခင်းအများအပြား ပျက်စီးကာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ရေကြီးရေလျှံတာတွေဖြစ်ပွားပြီးနောက် အပျက်အစီးတွေ မျောပါစုပုံနေတာကြောင့် ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံကနေ ဓါတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

Artemis III မှာ ဝတ်ဆင်မယ့် အာကာသဝတ်စုံပုံစံသစ်ကို မိတ်ဆက်

Axiom Space ကုမ္ပဏီက တီထွင်ဖန်တီးထားတဲ့ အာကာသဝတ်စုံပုံစံသစ်တခုကို မတ်လ ၁၅ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။

ဒီဝတ်စုံကို အမေရိကန်အာကာသအေဂျင်စီ (နာဆာ)ရဲ့ လကမ္ဘာပေါ်သွားမယ့် စီမံကိန်း Artemis III မှာ ပထမဆုံးလိုက်ပါမယ့် အမျိုးသမီးအာကာသယာဉ်မှူးအပါအဝင် အာကာသယာဉ်မှူးတွေ ဝတ်ဆင်သွားဖို့ စီစဉ်ထားပါတယ်။

လက်ရှိပုံစံမှာတော့ မီးခိုးရင့်ရောင်နဲ့ပြသထားပေမယ့် နောက်ဆုံးဒီဇိုင်းမှာတော့ အပူဒဏ်ခံနိုင်ဖို့အတွက် အဖြူရောင်ဖြစ်ဖို့များနေတာပါ။

နာဆာက နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လပေါ်ကို ပြန်ဆင်းသက်ဖို့အတွက် ဝတ်မယ့် အာကာသဝတ်စုံတွေအတွက် Axiom Space ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂၂၈.၅ သန်းနဲ့ ပေးပြီး စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

နာဆာကတော့ လာမယ့် ၂၀၂၅ ခုနှစ် အကုန်လောက်မှာ လပေါ်ကို အာကာသယာဉ်မှူးတွေ စေလွှတ်နိုင်မယ်လို့ ပြောကြားထားပါတယ်။

Ref: Axiom Space

………………………………..

ဝန်ကြီးချုပ်ဟောင်းကိုဖမ်းဆီးခွင့် ပါကစ္စတန်တရားရုံး ယာယီတားမြစ်

ပါကစ္စတန်မှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ကို ဖမ်းဆီးဖို့ ပြင်ဆင်နေတာကို တရားရုံးကနေ မတ်လ ၁၇ ရက်နေ့အထိ ယာယီပိတ်ပင်လိုက်ပါတယ်။

သူ့ရဲ့နေအိမ်အပြင်ဘက်မှာ သူ့ကိုထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ၂၄ နာရီကျော်ကြာ အပြင်းအထန် အဓိကရုဏ်းဖြစ်နေတာကို ရပ်တန့်နိုင်ဖို့အတွက် တရားရုံးကနေ သူ့ကို ဖမ်းဆီးခွင့်မိန့်ကို ခေတ္တရပ်ဆိုင်းပေးဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု စွဲချက်တွေကို ရင်ဆိုင်ဖို့ တရားရုံးချိန်းပျက်ကွက်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ရဲအရာရှိတွေက မတ်လ ၁၄ ရက်နေ့က ဖမ်းဆီးဖို့ကြိုးပမ်းခဲ့ကြတာပါ။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရံစစ်တပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲဖို့ကြိုးစားခဲ့ပြီး အီမရန်ခန်းကို ထောက်ခံကြသူတွေကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လောက်လေးခွတွေ အုတ်ခဲတွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

နာမည်ကျော် ခရစ်ကက်ကစားသမားဟောင်းကနေ နိုင်ငံရေးသမားဖြစ်လာသူ အီမရန်ခန်းဟာ မနှစ် ဧပြီလက ပါလီမန်မှာ သူ့အစိုးရကို အယုံအကြည်မရှိအဆိုတင် မဲခွဲဆုံးဖြတ်ခံခဲ့ရလို့ ရာထူးကဆင်းပေးခဲ့ရတဲ့သူ ဖြစ်ပါတယ်။

သူဟာ ဆူပူအုံကြွမှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှုတွေတွေအပါအဝင် အမှုပေါင်း ၈၅ ခုနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: Aljazeera

………………………………..

တစ်ပတ်အတွင်း ဘဲလားရုစ်အတိုက်အခံ တစ်ရာကျော် ဖမ်းဆီးခံရ

ဘဲလားရုစ်နိုင်ငံမှာ အာဏာရှင်အစိုးရက တစ်ပတ်တွင်း အတိုက်အခံ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အာဏာပိုင်တွေဟာ အတိုက်အခံတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေ၊ သေနတ်ပစ်အားကစားကလပ်က အဖွဲ့ဝင်တွေနဲ့ မောင်းသူမဲ့ဒရုန်းတွေသုံးပြီး အလုပ်လုပ်သူတွေကို ပစ်မှတ်ထားဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

မြို့တော်မင့်စ် (Minsk) အပါအဝင် နိုင်ငံရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်တွေမှာ အစုလိုက် အပြုံလိုက် ဖမ်းဆီးခဲ့တာလို့ ဘဲလားရုစ် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ဗီယက်စနာ (Viasna) က မတ်လ ၁၄ ရက်နေ့က ပြောကြားခဲ့တာပါ။

ဘဲလားရုစ်မြို့တော်အနီးမှာ ဆိုက်ထားတဲ့ ရုရှားစစ်လေယာဉ်တစီးကိုတိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ သံသယရှိသူတွေကို စီးနင်းရှာဖွေခဲ့တာလို့ ဆိုထားပါတယ်။

Ref: VOA

………………………………..

စပိန်အိမ်ရှေ့စံမင်းသမီး ၃ နှစ်ကြာ စစ်သင်တန်းတက်ရောက်မည်

ထီးနန်းဆက်ခံသူဖြစ်တဲ့ စပိန်အိမ်ရှေ့စံမင်းသမီးလီယိုနိုရ် (Leonor) ဟာ အနာဂတ်နိုင်ငံခေါင်းဆောင်အဖြစ် ကြိုတင်ပြင်ဆင်ဖို့အတွက် ၃ နှစ်ကြာစစ်သင်တန်းတက်ရောက်သွားမယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘယ်စ်ဟာ မတ်လ ၁၄ ရက်နေ့က အတည်ပြုခဲ့ပါတယ်။

လီယိုနိုရ်က စပိန်ဘုရင်ဖေလီပီရဲ့ သမီးနှစ်ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့အတွက် အရင်ဆုံးထီးနန်းဆက်ခံရမှာဖြစ်ပါတယ်။

သူ့ဖခင် ဘုရင်ရာထူးကနေ ဆင်းခဲ့ရင် (ဒါမှမဟုတ်) ကွယ်လွန်နတ်ရွာစံသွားခဲ့ရင် သူက စစ်တပ်ရဲ့စစ်ဦးစီးချုပ်ဖြစ်လာမှာပါ။

သူ့ရဲ့စစ်သင်တန်းတက်ရောက်မှုက စပိန်စစ်တပ်မှာ ၁ နှစ်၊ ရေတပ်မှာ ၁ နှစ်၊ လေတပ်မှာ ၁ နှစ် စုစုပေါင်း ၃ နှစ်ကြာမြင့်မယ်လို့ဆိုထားပါတယ်။

လီယိုနိုရ်ရဲ့စစ်သင်တန်းတက်ရောက်မှုက UWC Atlantic College မှာ ပညာသင်ကြားပြီးနောက် ဩဂုတ်လ (သို့မဟုတ်) စက်တင်ဘာလမှာ စတင်သွားမှာပဲ့ ဖြစ်ပါတယ်။

Ref: CNN

………………………………..

အိန္ဒိယမှတ်တမ်းရုပ်ရှင်ကား အော်စကာဆု ဆွတ်ခူး

အိန္ဒိယရုပ်ရှင်လောကအတွက် သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ Elephant Whisperers ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားက ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အော်စကာဆု ရရှိခဲ့ပြီဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ မိခင်မရှိတော့တဲ့ ဆင်သားပေါက်လေးကို တိုင်းရင်းသားမျိုးနွယ် ဇနီးမောင်နှံနှစ်ယောက်က မွေးမြူထားပြီး သူတို့ကြားက သံယောဇဉ်ကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

The Elephant Whisperers ဟာ အော်စကာဆုရတဲ့ ပထမဆုံး အိန္ဒိယမှတ်တမ်းရုပ်ရှင်ကားဖြစ်လာခဲ့ပါတယ်။

၎င်းအပြင် အိန္ဒိယနိုင်ငံအတွက် အကောင်းဆုံးမူရင်းသီချင်းဆုကိုလည်း Naatu Naatu သီချင်းနဲ့ ပထမဆုံး အော်စကာဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

Ref: Aljazeera

………………………………..

စစ်အသုံးစရိတ် ဒေါ်လာ ၆ ဘီလီယံတိုးမြှင့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကတိပြု

ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak) က လာမယ့်နှစ်နှစ်အတွင်း စစ်တပ်ရန်ပုံငွေကို ဒေါ်လာ ၆ ဘီလီယံအထိ တိုးမြှင့်မယ်လို့ ကတိပြုလိုက်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ဆူးနက်ခ်က စစ်အသုံးစရိတ်ကို ရေရှည်မှာ ၂.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖို့ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိထားပါတယ်။

လက်ရှိမှာ စုစုပေါင်း ပြည်တွင်းထုတ်‌လုပ်မှု ဂျီဒီပီ ရဲ့ ၂ ဒသမ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲနေခဲ့တာပါ။

အခု တိုးမြှင်လိုက်လို့ပိုလာတဲ့ ငွေထဲကတချို့ကို ရုရှားရဲ့ရန်ကိုကာကွယ်နေရတဲ့ ယူကရိန်းစစ်တပ်ကိုထောက်ပံ့ပေးနေလို့ ကုန်သွားတဲ့ ခဲယမ်းတွေကို ပြန်လည်ဖြည့်တင်းဖို့ အသုံးပြုပါမယ်လို့ သိရပါတယ်။

ဒီထဲက တစ်ချို့ကို ယူကေ-အမေရိကန်-သြစတြေးလျ သုံးနိုင်ငံ သဘောတူထားတဲ့ နျူကလီယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ရာမှာ သုံးဖို့ ရှိပါတယ်။

Ref: CNN

………………………………..